By Ko Paing / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်းဇုန်နယ်မြေတွင် အညာမြေတပ်ပေါင်းစု ရဲဘော်များက မိုင်းကြွင်းမိုင်းကျန်များ ရှင်းလင်းခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၆ ရက်တွင် မြိုင်မြို့နယ် တောင်ပိုင်းဇုန်မှ ပျူစောထီးရွာများဖြစ်ကြသည့် သရက်ကွ၊သရက်ကန်၊ စစ်တပ်အခြေစိုက်ရာ မြိုင်ကပစစက်ရုံ နှင့် စက်မှုနှစ်တို့သို့ ကင်းလှည့်စစ်ဆေးခဲ့ပြီး စိုးမိုးနယ်မြေများ၌ မိုင်းရှင်းလင်းခဲ့ကြောင်း သိရသည်။
“အဓိကတော့ မြိုင်တောင်ပိုင်းဇုန်မှာရှိနေသေးတဲ့ ပျူစောထီးရွာတွေနဲ့ စစ်တပ်တပ်စွဲထားရာဝန်းကျင်တွေမှာ မသင်္ကာသူတွေ့ရင် ရပ်တန့် စစ်ဆေးတာမျိုးနဲ့ ကျတော်တို့ စိုးမိုးနယ်မြေတွေကို ကင်းလှည့်စစ်ဆေးတာပါ” ဟု အညာမြေတပ်ပေါင်းစု မှ သတင်းပြန်ကြား တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က MPAသို့ ပြောသည်။
စိုးမိုးနယ်မြေအတွင်း မိုင်းရှင်းခြင်းအပြင် ပျက်စီးနေသည့်လမ်းများ ပြုပြင်ခြင်းနှင့် လမ်းနှင့်မလွတ်သည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ပြုလုပ်ခဲ့ကြောင်းသိရသည်။
“မြိုင်တောင်ပိုင်းမှာက စစ်တပ်ဂိတ်ရယ်လို့မရှိဘူး။ ပျူရွာနဲ့ ကပစ ရယ်၊ စက်မှုနှစ် မှာတပ်စွဲထားတဲ့ စစ်သားတွေရယ်ပဲကျန်တော့တယ်” ဟု ၎င်းက ဆိုသည်။
မြိုင်မြို့နယ်၊တောင်ပိုင်းဇုန်ရှိ ပျူစောထီးရွာများနှင့် စစ်တပ်စခန်းများမှ စစ်သားနှင့် ပျူတို့သည် ၎င်းတို့စခန်းပြင်ပသို့ ထွက်မလာရဲတော့သလို ထွက်လာပါကလည်း တိုက်ခိုက်ရန် PDF တို့ အဆင်သင့်စောင့်နေကြောင်း သိရသည်။



