By Nway/ MPA
ရင်ဆိုင်တိုက်ပွဲများတွင် အရှုံးကြီးရှုံးနေသော စစ်ကောင်စီတပ်သည် ၁၀၂၇စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်သော ယနေ့၌ လောက်ကိုင်မြို့၊လူနေရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာ ၂၇ရက်) သန်းခေါင်ယံ၊ ၁၂နာရီ မိနစ်၂၀ခန့်တွင် လောက်ကိုင်မြို့ကို တိုက်လေယာဉ်များဖြင့် ဗုံး သုံးလုံးထက်မနည်းကြဲချခဲ့ရာ စွမ်းဖုန်ချိန် (Shuang feng cheng)ဧရိယာသို့ ဗုံးများ ကျရောက်ခဲ့ပြီး ယင်းဧရိယာရှိ ဟိုတယ်အဆောက်အအုံ၊ လမ်းများနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
“မြေပြင်ရင်ဆိုင်တိုက်ပွဲတွေမှာ အရှုံးကြီးရှုံးခဲ့တဲ့ စစ်တပ်က သရဲဘောကြောင်စွာနဲ့ပဲ ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာပါ။ဒီနေ့ နမ့်ခမ်းမြို့ကိုလည်း လေကြောင်းတိုက်ခိုက် တယ်။ နမ့်ခမ်းမှာက မနေ့(အောက်တိုဘာ၂၆ရက်)ကတည်းက ၁၀၂၇စစ်ဆင်ရေး တစ်နှစ်ပြည့်မှာ ဗုံးကြဲနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက ပြည်သူတွေကို ကြိုတင်သတိပေးထားတယ်” ဟု လားရှိုး အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
ယနေ့နံနက် ခုနှစ်နာရီခွဲကျော်တွင်TNLA အုပ်ချုပ်နေသော နမ့်ခမ်းမြို့ကို စစ်တပ်ကဂျက်ဖိုက်တာဖြင့် ဗုံးသုံးကြိမ်ကြဲချခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။
“၁၀၂၇စစ်ဆင်ရေးဆိုတာ မင်းအောင်လှိုင်မျက်နှာပေါ် သေရာပါကျန်ခဲ့တဲ့ အမာရွတ်ကြီးပဲလေ။ အဲဒါ ကြောင့် ၁၀၂၇ နှစ်ပတ်လည်နေ့မှာ ကြိတ်မနိုင်ခဲမရနဲ့ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်တာ” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီတပ်သည် MNDAA အုပ်ချုပ်နေသော လားရှိုးမြို့ပြည်သူများကို ဆက်တိုက်ဆိုသလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
၂၀၂၄ခု၊ ဇူလိုင်မှ စက်တင်ဘာလအထိ သုံးလအတွင်း စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် တိုက်ပွဲများကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၁၀၄၄ဦး သေဆုံးခဲ့ပြီး ၁၃၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ အရပ်သားသေဆုံးမှုများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အများဆုံးဖြစ်ခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။