By Poe Sangle / MPA
ထိုင်း-မြန်မာနယ်စပ်မြို့တစ်ခုဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့ရှိ ဂိုဒေါင်များကို စစ်ကောင်စီတပ်နှင့် ရဲများပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ် အောက်တိုဘာ ၁၅ရက်မှ စတင်ကာ လက်ရှိအချိန်ထိ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်နှင့် အခြားသွင်းကုန်များကို စစ်ကောင်စီက စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များကို တာချီလိတ်မြို့ရှိ အမှတ် တစ်နှင့် အမှတ် နှစ်တံတားများမှ သယ်ယူခွင့်ကို စစ်ကောင်စီကပိတ်လိုက်သော်လည်း တရားမဝင်လမ်းမှ သယ်ယူသူများကို စစ်ကောင်စီက ငွေတောင်းပြီး ခွင့်ပြုပေးနေကြောင်း တာချီလိတ်မြို့ခံ ကုန်သည်အမျိုးသားတစ်ဦးက ပြောသည်။
“ သွင်းကုန်၊ ထုတ်ကုန်နဲ့ ပတ်သက်ပြီးတော့ သူတို့(စကစ) ကန့်သတ်ထားတဲ့ ပစ္စည်းတွေ သိုလှောင်ထားမထား လိုက်စစ်တယ်။ ထိုင်း-မြန်မာ နယ်စပ်တံတားကနေ အရင်လို ပေးမသွင်းတော့ဘူး။ ခွင့်ပြုထားတာထက် ပိုနေလားဆိုပြီး လာစစ်သွားတယ်။ ဥပမာ ကော်ဖီမစ်တို့၊ စားသောက်ကုန်တို့ပေါ့၊ ဒီလမှ စပြီး ကန့်သတ်တာလို့ပြောတယ် ” ဟု ၎င်းက ရှင်းပြသည်။
အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား-ကျိုင်းတုံ ကားလမ်းပိုင်း ဝမ်တာပင်းဂိတ်နှင့် ဝမ်တာပုံဂိတ်တို့တွင် တရုတ်ထုတ်ကုန်များနှင့် ထိုင်းထုတ်ကုန်များကို စစ်ကောင်စီက တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီက နယ်စပ်ဂိတ်များတွင် သွင်းကုန်၊ ထုတ်ကုန်ပစ္စည်းများ တင်းကျပ်စွာ ကန့်သတ်နေခြင်းကြောင့် ပြည်တွင်း စားသောက်ကုန်များလျော့နည်းပြီး ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာမည်ကို စိုးရိမ်ကြောင်း ကျိုင်းတုံမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ထိုင်းဘက်ကနေသွင်းလာတဲ့ လျှပ်စစ်တို့ ဆောက်လုပ်ရေးပစ္စည်းတို့ သယ်ယူခွင့်မပေးတော့ဘူး။ တရုတ်ဘက်တော့ အလှကုန်နဲ့ စားသောက်ကုန်တွေ ကန့်သတ်လိုက်တယ်။ ဂိတ်ကို လုံး၀ပိတ်လိုက်တာတော့မဟုတ်ဘူး။ သူတို့ဆီ ငွေပေးရင်တော့ ခိုးဝင်ခိုင်းတယ်။ ကုန်သည်တွေအတွက်တော့ ပိုခက်ခဲတာပေါ့၊ ပစ္စည်းသယ်ခလည်း ပိုများသွားတယ်။ နောက်ဆက်တွဲမှာ ကုန်ဈေးနှုန်းတက်မယ်ဒါဘဲ” ဟု၎င်းက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်နိုင်ရန်အတွက် တရုတ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးသည့်အပြင် နယ်စပ်ဂိတ်များကို မကြာခဏပိတ်ခဲ့ကာ၊ စစ်ကောင်စီကလည်း သတင်းကျွတ်နောက်ပိုင်းကာလ၌ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ ၎င်းတို့ထိန်းချုပ်ထားသည့် သေများတွင်လည်း သွင်းကုန်၊ ထုတ်ကုန်များကို တင်းကျပ်စွာစစ်ဆေးမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။
ထို့ပြင် အောက်တိုဘာ ၂၆ရက်ကလည်း နမ့်ခမ်း-မူဆယ်လမ်းပိုင်း ပန်ခမ်းဂိတ်ကို စစ်ကောင်စီကပိတ်လိုက်ကာ ကုန်စည်တင်သွင်းခန့်ကန့်သတ်လိုက်ပြီး ကုန်ကားများကိုလည်း ဖြတ်သန်းခွင့် မပြုတော့ကြောင်း ဒေသခံများက ဆိုသည်။
“ကုန်ကားတွေ ပေးမဖြတ်ဘူး။ အကုန်ပြန်လှည့်တာတွေ့တယ်။ ခရီးသည်ယာဉ်တွေတော့ ပေးသွားတယ်။ ကျမတို့က အွန်လိုင်းအလုပ်ဆိုတော့ တချို့အဝတ်အထည်က တရုတ်ကနေဝယ်ယူတယ်။ ပြီးတော့ ပြန်ရောင်းတယ်။ အခု စစ်ဆေးမှု နည်းနည်းတင်းကျပ်နေတော့ ပစ္စည်းက ကြာတယ်။ အဆင်မပြေဘူး။ အများကြီးလည်း သယ်လို့မရဘူး။ နည်းနည်းချင်းပဲရတယ် ” ဟု အွန်လိုင်းစျေးရောင်းနေသည့် နမ့်ခမ်းမြို့ခံ ၊ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၂ရက်မှ စတင်ကာ တရုတ်အစိုးရသည် တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို ပိတ်လိုက်ပြီးနောက် လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် အိမ်သုံးပစ္စည်းများတင်သွင်းခွင့်ကို ပိတ်ခဲ့သော်လည်း အသီးအနှံနှင့် ကုန်စိမ်းပစ္စည်းများ တင်သွင်းခွင့်ပြုထားသည်။