By Ko Paing / MPA
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးရွာထိပ်တွင် စစ်ကောင်စီတပ်ကို PDFတို့ စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးကြောင်း သိရသည်။
အောက်တိုဘာ ၂၅ ရက်၊ နံနက် ခုနှစ်နာရီဝန်းကျင်တွင် ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ချောင်းရိုးမှတစ် ဆင့် အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြို့ပင်ကောက်မြို့ နယ်၊ ဥယျာဥ်ကြီးရွာထိပ်၌ ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် စောင့်ဆိုင်းပစ်ခတ်ရာ သုံးနာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်းအမှတ် ၃၈၀၂၊ တပ်ခွဲခြောက် -Black Dragon (GBK PDF) က ယနေ့(အောက်တိုဘာ ၂၆ရက်) သတင်းထုတ် ပြန် သည်။
“တိုက်ပွဲဖြစ်တာ အရင်ရက်တွေကလည်းဖြစ်တယ်။သူတို့က ဘော်ဘင်ချောင်းရိုးအတိုင်း ဆင်းလာ ချိန်မှာ ဖြတ်တိုက်တာပါ။ကျတော်တို့အဖွဲ့တွေက အေးလေးရွာထိပ်ကိုရောက်နေချိန်မှာ သွားတိုက် လိုက်တာပါ။ကျတော်တို့ ပြန်ဆုတ်လာတော့ ရဲဘော်တွေနဲ့အတူ ပြည်သူတချို့ကိုပါ ကယ်ထုတ်လာ ခဲ့ပါတယ်” ဟု GBK PDF တပ်ခွဲမှူး ရိုးမနဂါး က MPAသို့ပြောသည်။
အထိနာသွားသည့် စစ်ကောင်စီတပ်သည် အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ကာ ဘော်ဘင်ဆည် ပျူစောထီးအထိုင်စခန်းသို့ ပြန်လည်ဆုတ်ခွာသွား ကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည် အောက်တိုဘာ ၂၄ ရက်၊ ညနေပိုင်းတွင်လည်း ဘော်ဘင်ချောင်းမကြီးကို တံတားထိုး၍ ဖြတ်ကူးနေစဥ် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။
“တိုက်ပွဲက ကြို့ပင်ကောက်နဲ့ဇီးကုန်းကြားမှာဖြစ်တာ။တပ်ဖွဲ့တွေကလည်း စုံတယ်။ကြို့ပင်ကောက်ဘက်မှာရော ဇီးကုန်းဘက်မှာပါဖြစ်တာ။ဒီနေ့မနက်လည်း တိုက်ပွဲက ဖြစ်ခဲ့ပါသေးတယ်။အင်အားက မမျှတော့ ပြန်ဆုတ်ခဲ့ရတာ” ဟု BTZM-GBK PDF မှ ရဲဘော်တစ်ဦး ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဒေသခံ PDF တပ်ရင်း၊တပ်ဖွဲ့များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။