By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် ဒေသခံ ၅၀ကျော်မှာ ယနေ့ ညနေပိုင်းအထိ ပြန်မလွတ်သေးကြောင်း သိရသည်။
အောက်တိုဘာ ၁၃ ရက်မှ ယနေ့(အောက်တိုဘာ၂၆ရက်)ညနေပိုင်းအထိ ဖမ်းဆီးခံရသူ ဘုတလင် ကျေးလက်သား ၆၀ ဝန်းကျင် ရှိပြီး ၁၀ ဦးကို စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့ကာ ကျန် ၅၀ကျော်မှာ ဘုတလင်မြို့ပေါ်ရဲစခန်းအပါအဝင် စစ်တပ်တပ်စွဲရာနေရာများ၌ ဆက်လက်ဖမ်းဆီးထားဆဲဖြစ် ကြောင်း ဘုတလင် တော်လှန် ရေး သတင်းရင်းမြစ်ထံက သိရသည်။
“အဖမ်းခံရတာ ၆၀ ဝန်းကျင်လောက်ထဲက ၁၀ ဦးကိုပဲ ကံသစ်ရွာနားမှာ ထားခဲ့တာ။အဖမ်းခံရတာကတော့ အရွယ်စုံ အမျိုးသား၊အမျိုးသမီး အကုန်ပါတယ်” ဟု၎င်းက MPA သို့ ပြောသည်။
ထို့အပြင် ဘုတလင်မြို့နယ်၊ သပြေပင်ရွာ ၊ ရှမ်းတဲရွာ ၊ မြောက်ကျီရွာ ၊ တက်လှိုင်းရွာ ၊ စီပါရွာ ၊ ဆည်ဝရွာ ၊ အိုင်ပေါင်းချောင်ရွာ ၊ ကျွဲသေချောင်းရွာနှင့် စိုင်ပြင်လေးရွာတို့ကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ် ၄၀၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
စစ်တပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် မုံရွာ-ဘုတလင်လမ်းပိုင်းတွင် သွားလာသူနည်းပါးပြီး စစ်သားများက လမ်းသွားလမ်းလာများအား ဖုန်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် ၁၃ ရက်အတွင်း ဒေသခံ ၂၄ဦးကိုလည်း သတ်ဖြတ်ခဲ့သေးသည်။






