By Blackpanda ၊ MPA
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနက် ၄,၀၀၀ ကျော်သည် ကိုးလအတွင်းဖမ်းဆီးခံခဲ့ရကြောင်း ပဋိပက္ခများနှင့် လူမှုစီးပွားဘဝများကို သုတေသနပြုလုပ်နေသည့် FE5တနင်္သာရီ အဖွဲ့၏ စစ်တမ်းတစ်ခုအရ သိရသည်။
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စက်တင်ဘာလအထိ FE5တနင်္သာရီ အဖွဲ့က ထိုင်းတော်ဝင်တပ်မတော်၊ တာခ့်ခရိုင် လ၀ကနှင့် ထိုင်းသတင်းမီဒီယာများ၏ အချက်အလက်နှင့် စာရင်းများကို ကောက်ယူပြီးနောက် အထက်ပါတိုင်း စစ်တမ်းတစ်ခု ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ ကိုကျော်ဆန်းမင်းက ပြောသည်။
“ ဇန်နဝါရီလကနေ ၊ စက်တင်ဘာလအထိ ၉လတာအတွင်း တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား အဖမ်းခံရတာ ၄၀၀၀ ကျော်လောက်ရှိပါတယ်” ဟု FE5တနင်္သာရီ အဖွဲ့မှ ကိုကျော်ဆန်းမင်းက MPAသို့ပြောသည်။
ထိုကဲ့သို့ ဖမ်းဆီးခံရမှုများသည် ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ကန်ချနဘူရီဒေသ၊ တာခ့်ခရိုင်မဲဆောက်ဒေသ၊ ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ်နှင့် အမြန်လမ်းများပေါ်တွင် အများဆုံးဖြစ်သည်ဟု FE5တနင်္သာရီ အဖွဲ့ကဆိုသည်။
“ မြေပြင်မှာ အခုထက်ပိုဖမ်းတာတွေရှိတယ်။ တရားဝင် ထုတ်ပြန်ချက်မရလို့ ကျတော်တို့ ထည်သွင်းတွက်ချက်ထားတာတွေလဲရှိတယ်” ဟု ကိုကျော်ဆန်းမင်းက ပြောသည်။
ယခုကဲ့သို့ ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသူများ ဖမ်းဆီးခံရပါက ရွှေ့ပြောင်းလုပ်သားများကို ကူညီပေးနေသည့်အဖွဲ့အစည်းများထံ ဆက်သွယ်လာပါက သက်ဆိုင်ရာများနှင့် ချိတ်ဆက်ကာ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးမှုများရှိကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း ရွှေ့ပြောင်းအလုပ်သမားများတွက် ကူညီပေးနေသည့် ဦးသက်ဆိုင်က ပြောသည်။
” အဓိက ကျတော်ပြောချင်တာကတော့ ကိုယ့်လုံခြုံရေးအတွက် ကိုယ်သတိရှိစွာနေထိုင်ပါလို့ပြောချင်တယ်၊ ရဲကတ်သမားတွေအနေနဲ့လည်း တရားဝင်နေထိုင်ခွင့်ရှိတာမဟုတ်လို့ လုံခြုံရေးသတိအမြဲရှိပါလို့ပဲ ကျတော်ပြောချင်ပါတယ်” ဟု ဦးသက်ခိုင်က ဆက်ပြောသည်။
ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်ကိုင်သူများသည် နေထိုင်းစရာအခက်အခဲ၊ အလုပ်ရရှိရန် အခက်အခဲအပြင် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှုများကြောင့် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေရကြောင်း ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သည့် ကိုဝင်းခန့်ဇော်ကပြောသည်။
“ ထိုင်းရဲဖမ်းမှာကို ကြောက်ရသလို၊ မြန်မာအချင်းချင်း လုပ်အား ခေါင်းပုံဖြတ်ခံရတွေလည်းကြုံရတယ်။ ဒုက္ခတွေကတော့ အစုံပဲ ” ဟု ကိုဝင်းခန့်ဇော်က ရှင်းပြသည်။
ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများကို ကူညီကယ်ဆယ်ပေးရန်နှင့် အထောက်အထားမဲ့ မြန်မာပြည်သူများကို ထိုင်းနိုင်ငံအတွင်း၌ ယာယီ နေထိုင်ခွင့်ပေးရေး အစီအစဥ်များ ရေးဆွဲအတည်ပြုပေးရန်အတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)က ထိုင်းအစိုးရကို စက်တင်ဘာ ၂၃ရက်တွင် ထောင်းဆိုခဲ့သည်။
ထိုကဲ့သို့ တောင်းဆိုမှုများပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံအစိုးရက ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သူများအတွက် တစ်နှစ် ယာယီနေထိုင်ခွင့် လျှောက်ထားနိုင်သည်ဟု အောက်တိုဘာ ၂၃ရက်တွင် ကြေညာခဲ့သည်။
၂၀၂၄ခုနှစ်၊ ဇွန်လမှစတင်ကာ ထိုင်းအာဏာပိုင်များက ရက် ၁၂၀ စီမံချက်ဖြင့် စက်တင်ဘာလအထိ ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သိန်းခွဲခန့်ကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ရွှေ့ပြောင်း မြန်မာလုပ်သား ၂၀၀၀ခန့် အရေးယူခံခဲ့ရသည်ဟု DVB သတင်းဌာနက ဖော်ပြထားသည်။