By Garcia Ni / MPA
မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့်တပ်က ကျားခဲကျေးရွာသား လေးဦး ကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ၂၅ရက်၊ ည ခုနှစ်နာရီခန့်တွင် ထီးလင်းမြို့၊ရွှေထီးခန်းမမှ စတင်ထွက်ခွာလာသည့် အင်အား၈၀ခန့်ပါစစ်ကြောင်းသည် ယနေ့(အောက်တိုဘာ၂၆ရက်)နံနက်လေးနာရီခန့်၌ ထီးလင်း မြို့နယ်၊ ကျားခဲရွာသို့ အလစ်အငိုက်ဝင်ရောက်ကာ တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ကာ ၄ ဦးအား မီးရှို့သတ်ထားကြောင်းတွေ့ရသည်ဟု ယောတော်လှန်ရေးတပ်(YRA-ထီးလင်း)ထံက သိရသည်။
“လူလတ်ပိုင်းအမျိုးသားလေးယောက်ကိုက ဖမ်းဆီးပြီးအရှင်လတ်လတ်မီးရှို့သတ်ဖြတ်တယ်။ ရွာထဲကထွက်ပြေး ပုန်းခိုနေတဲ့ ပြည်သူတွေရဲ့ပြောစကားအရ အော်ဟစ်သံတွေ အတိုင်းသား ကြားနေရတယ်လို့ပြောတယ်ဗျ။ အကုန်ရှင်းပြီးတော့ ရွာထဲဝင်ရောက်နိုင်တဲ့အချိန်မှာ မီးရှို့သတ် ဖြတ်ခံထားရတာကိုတွေ့ရတာလို့ပြောတယ်။ တစ်ယောက်ကတော့ စစ်သားတွေဝင်ဝင်ချင်း တွေ့ပြီးထွက်ပြေးတာမှာ သေနတ်နဲ့ပစ်ခံလိုက်ရတာ။ မှန်ပြီးထွက်ပြေးပြီးပုန်းနေတဲ့အချိန်မှာ သွေးလွန်ပြီးသေသွားတာလို့သိရတယ်” ဟု ယောတော်လှန်ရေးတပ်(YRA-ထီးလင်း)၏ ပြန်ကြားရေးတာဝန်ခံကိုကောင်းက MPAကို ပြောသည်။
စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်ခြင်းခံရသူများမှာ အသက်၄၀ ဝန်းကျင်အရွယ်ရှိ ကိုဝင်းဆန်းဦး၊ ကိုမင်းသူ၊ ကိုမျိုးကျော်နှင့် ကိုသန်းစိန်မင်းတို့ဖြစ်ပြီး သွေးလွန်သေဆုံးသူမှာ ကိုနေဆန်းဝင်းဖြစ်ကြောင်းသိရသည်။
ကျားခဲရွာသည် ထီးလင်းမြို့၏ အရှေ့တောင်ဘက် လေးမိုင်ခန့်အကွာတွင်ရှိပြီး အိမ်ခြေ ၈၀ ကျော်ရှိသည့်ကျေးရွာတစ်ရွာဖြစ်သည်။
“ည၁၁နာရီ၁၅မှာတစ်ကြိမ်၊ ၁၂နာရီ၁၀မိနစ်မှာတစ်ကြိမ် အဲ့စစ်ကြောင်းကို ဒရုန်းနဲ့ချသေးတယ်။ ပြီးတော့ ထောင်ထားတဲ့မိုင်းတွေလည်း ကွဲတယ်ဗျ။ အထိအခိုက်ရှိတယ်လို့သိရတယ်။ ဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ထီးလင်းမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ပြီး ကျားခဲရွာမှ ပြည်သူသုံးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။