By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနီးရှိ ပင်စိမ်းခင်းရွာကို သန်းခေါင်ကျော်အချိန်တွင် စစ်ကောင်စီတပ်က ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးနှစ်ပါးနှင့် ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ (အောက်တိုဘာ ၂၆ရက်) သန်းခေါင်ကျော်အချိန် တစ်နာရီခွဲဝန်းကျင်တွင် စစ်တပ်က ရေဦးမြို့နယ်အရှေ့ခြမ်း၊ ပင်စိမ်းခင်းကျေးရွာကို ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ်ပကဖထံက သိရသည်။
“ ရေဦးမြို့ပေါ်က ထွက်လာတဲ့ ဒရုန်းဗျ။ လူကတော့ မသေဘူးဗျ။ ဘုန်းကြီးနှစ်ပါးရယ်၊ သာမန်ပြည်သူ ယောကျာ်းလေးသုံးဦးရယ် ထိတယ်လို့ ကနဦးသတင်းရထားတယ်။ ရွာထဲကို ဒါပထမဆုံးကျတာ” ဟု ရေဦးမြို့နယ်ပကဖတာဝန်ခံက MPAသို့ပြောသည်။
ဒရုန်းဗုံးသီးကြောင့် ဘုန်းကြီးကျောင်းဆောင်တစ်ဆောင်နှင့် နေအိမ်နှစ်လုံးပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူများကို ညတွင်းချင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
ရေဦးမြို့နှင့် ပင်စိမ်းခင်းကျေးရွာသည် ငါးမိုင်ဝန်းကျင်သာကွာဝေးကြောင်း သိရသည်။
ရေဦးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်သည် ပြည်သူလူထုကို အကြောက်တရားသွင်းသည့်သဘောဖြင့် အရပ်သားပစ်မှတ်များအား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ အကြောက်တရားသွင်းတဲ့သဘောပါပဲ။ သာမန်ပြည်သူတွေအပေါ် လိုက်လိုက်ချနေတာလေ။ တိုက်ပွဲလည်းမရှိ၊ ရဲဘော်တွေလည်းမရှိတဲ့နေရာတွေကိုလည်း လေယာဉ်နဲ့ ပစ်တာတွေ ခဏခဏဖြစ်နေတာလေ၊ ဒီဘက်မှာ” ဟု ၎င်းကဆက်လက်ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာငါးရက်နေ့ကလည်း စစ်တပ်ကြဲချသည့် ဒရုန်းဗုံးသီးကြောင့် မုံတိုင်ပင်ကျေးရွာနေ ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။