By Ra Wai / MPA
စစ်တပ်က ဒေသခံများထံမှ ကောက်ယူထားသည့်ငွေဖြင့် ပျူစောထီးများကို စစ်မှုထမ်းရန် ငှားရမ်းပြီး သင်တန်းကျောင်းရောက်လျှင် ပြန်ထွက်ပြေးစေခြင်းနည်းဖြင့် လုပ်စားနေကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ စစ်တပ်သည် စစ်မှုထမ်းဆောင်လိုချင်းမရှိသူများထံမှ ငွေကြေးကောက်ခံပြီး အစားထိုးစစ်မှုထမ်းမည့်သည်များကို ရှာဖွေပေးကာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိရွာရှိ အမှတ်လေး တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ရောက်လျင် ပြန်လည်ထွက်ပြေးနိုင်ရန် လေ့ကျင့်ရေးကျောင်းတာဝန်ရှိသူများကို ငွေပေးကာ ညှိနှိုင်းထားကြောင်း ချောင်းဆုံမြို့နယ်ရှိ သတင်းရင်းမြစ်ထံမှ သိရသည်။
“ချောင်းဆုံရပ်ရွာက စစ်မှုထမ်းဌားဖို့ငွေကို ဇော်နိုင်ဝင်း(ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး)ကနေ တဆင့်ပေးရတယ်။ချောင်းဆုံစစ်တပ်က မြစ်ဝကျွန်းပေါ်ဘက်က သူတို့လူ ပျူစောထီးတွေကိုဌားလိုက်တယ်။ သူတို့ဌားထားတဲ့ ပျူတွေ သံဖြူဇရပ်လေ့ကျင့်ရေးကျောင်းရောက်ပြီး တစ်ပတ်၊ ၁၀ရက်အတွင်း ပြန်ပြေးနိုင်အောင် အဲဒီကျောင်းကတာဝန်ရှိသူတွေကို ငွေပေးထားတယ်။ ပြောရရင် ဇော်နိုင်ဝင်းရယ်၊ ချောင်းဆုံစစ်တပ်ရယ်၊ လေ့ကျင့်ရေးကျောင်းရယ်ပေါင်းပြီး လုပ်စားနေကြတာလို့ အတွင်းသတင်းသိရတာ”ဟု ၎င်းက MPAသို့ပြောသည်။
လက်ရှိ စစ်မှုထမ်းရန် ဌားရမ်းခငွေမှာ တစ်ဦးလျှင် ကျပ်သိန်း၃၀ဖြစ်ပြီး ယင်းငွေကို ကျေးရွာအုပ်စုအလိုက် ရပ်ရွာပြည်သူများက ချောင်းဆုံမြို့နယ်စစ်မှုထမ်းခေါ်ယူရေးဥက္ကဌလည်းဖြစ်သူ ဇော်နိုင်ဝင်းထံ ပေးရကာ ချောင်းဆုံအခြေစိုက် စစ်တပ်က လူဌားပေးကြောင်း သိရသည်။
“ အခုနောက်ပိုင်း စစ်မှုထမ်းခေါ်တဲ့ လူစာရင်းအတိအကျ မသိရဘူး။ လျှို့ဝှက်ပေါ့။ ဘာလို့ လျှို့ဝှက်ရတာလဲဆိုတော့ သူတို့ပါးစပ်ထဲရှိရာ စစ်မှုထမ်းစာရင်းပြောပြီး ရွာတွေဆီကနေ ပိုက်ဆံတောင်းချင်သလိုတောင်းလို့ရအောင်ချောင်းဆုံစစ်တပ်က သူတို့လူသူတို့ ပြန်ဌားတာ ဖြစ်တယ်။ သင်တန်းကျောင်းနဲ့ ညှိပြီး ပြန်ပြေးတာလည်း ဟုတ်တယ်။ စစ်တပ်ဌားတဲ့ကောင်တွေက မွန်ပြည်နယ်ကနေ အဌားလိုက်ပြီးတော့ ပြန်ပြေးပြီးရင် မွန်ဘက်ကို ခြောက်လလောက် မလာတော့ဘဲ တခြားတိုင်းနဲ့ပြည်နယ် တွေမှာ အဲဒီကစစ်တပ်နဲ့ပေါင်းပြီး ထပ်လုပ်စားတယ်လို့တောင် ကြားရတယ်” ဟု ချောင်းဆုံရပ်ကျေး အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ချောင်းဆုံမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၄၇စု ရှိပြီး စစ်မှုထမ်းရန် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအလိုက် အဓမ္မခွဲတမ်းချခံရကြောင်း၊ စစ်မှုထမ်းစတင်ခေါ်ယူစဉ် ပထမပိုင်းကာလ၌ စစ်မှုထမ်းမည့်သူများ ဌားရမ်းခြင်းကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က တာဝန်ယူ လုပ်ဆောင်ရပြီး ယခုနောက်ပိုင်းတွင်မူ ဇော်နိုင်ဝင်းနှင့်ချောင်းဆုံစစ်တပ်က တိုက်ရိုက်လူဌားရမ်းကြကြောင်း သိရသည်။
“ အုပ်ကြီးတွေက ရပ်ထဲရွာထဲမှာ အိမ်တွေဆီကနေ ခွဲတမ်းအတိုင်း ပိုက်ဆံကောက်ပြီး ဇော်နိုင်ဝင်းကို ပေးရတယ်။ကိုယ့်ရွာက ဌားတဲ့လူ ထွက်ပြေးရင်လည်း အစားထိုး နောက်တစ်ယောက်ဌားဖို့ဆိုပြီး ပိုက်ဆံ သိန်း ၃၀ ထပ်ပေးရပြန်တယ်။ လူဌားတာက စစ်တပ်က ဌားတာလေ၊ ပြေးတယ်ဆိုရင် ရွာက တာဝန်ယူရတယ်ဆိုတော့ စဉ်းစားသာကြည့်တော့”ဟု ၎င်းက ဆက်လက်ပြောသည်။
ချောင်းဆုံအနောက်ပိုင်းရပ်ကွက်နှင့် ကျေးရွာအုပ်စုခုနှစ်စုတို့သည် ၎င်းတို့ဌားရမ်းသည့်လူများ သင်တန်းကျောင်းမှ ထွက်ပြေးသွားခြင်းကြောင့်ဟုဆိုကာ ဇော်နိုင်ဝင်းထံသို့ နောက်ထပ်လူဌားခ ကျပ်သိန်း၃၀ ထပ်ပေးခဲ့ရပြီးဖြစ်ကြောင်း သိရသည်။
“ဇော်နိုင်ဝင်းခေါင်းထဲမှာ ပြည်သူတွေဆီကနေ ဘယ်လို ငွေဖန်ရမလဲဆိုတဲ့ဉာဏ် အပြည့်ပဲ၊ သူနဲ့ ပေါင်းစားနေတာ ချောင်းဆုံကြံ့ဖွတ်တွေနဲ့ စရဖ(စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့)ဖြိုးမင်းထွန်းတို့လေ ”ဟု ချောင်းဆုံမြို့နယ်၊ သက္ကောရွာသားတစ်ဦးက ပြောသည်။
ထို့ပြင် ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးဇော်နိုင်ဝင်း၊ ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ မျိုးဝင်း၊ ချောင်းဆုံစရဖတာဝန်ခံ ဖြိုးမင်းထွန်းနှင့် ချောင်းဆုံပြည်ခိုင်ဖြိုးပါတီဝင်အချို့တို့သည် ချောင်းဆုံပြည် သူများအား အာဏာဖြင့် ခြိမ်းခြောက်ငွေညှစ်ကာ လုပ်စားနေကြကြောင်း ၎င်းကပြောသည်။
လက်ရှိ စစ်မှုထမ်းအဌားလိုက်ကြသည့် ချောင်းဆုံမြို့သား ၁၂ဦးဝန်းကျင်ရှိပြီး သင်တန်းဆင်းသည်နှင့် ရခိုင်၊ စစ်ကိုင်း၊ထားဝယ်နှင့် ရှမ်း-ကရင်နီနယ်စပ်သို့ ပို့ဆောင်ခံရပြီးနောက် ၁၀ဦး သေဆုံးကာ တစ်ဦး ပြင်းထန် ဒဏ်ရာရကာ တစ်ဦးအား အဆက်အသွယ်လုံးဝမရတော့ကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူက ပြောသည်။
“စစ်မှုထမ်းစခေါ်တော့ သင်တန်းဆင်းပြီးရင် ကိုယ့်မြို့နားမှာ တာဝန်ပြန်ချပေးမယ်ပြောတယ်။ အပတ်စဉ်တစ်သင်တန်းဆင်းတယ်ဆိုတာနဲ့ တကယ်ကြမ်းတဲ့ ရခိုင်တို့ စစ်ကိုင်းတို့ဘက် ချက်ချင်း ပို့လိုက်တာဆိုတော့ အဲဒါပြီးတော့ ချောင်းဆုံသားတွေ ဘယ်သူမှ ထပ်အဌားမလိုက်ရဲတော့ဘူး”ဟု ချောင်းဆုံမြို့နယ်၊ မုရစ်ကြီးရွာသားတစ်ဦးကပြောသည်။
ချောင်းဆုံမှ စစ်မှုထမ်းအဌားလိုက်ကြသူအများစုမှာ ချောင်းဆုံတွင် လာရောက်အလုပ်လုပ် ကိုင်နေကြသည့် အခြားဒေသသားများနှင့် ကျိုက္ခမီနှင့်ရေးဘက်က ရေလုပ်သားများဖြစ်ပြီး စစ်မှု ထမ်းအပတ်စဉ်ငါးမှစ၍ ချောင်းဆုံစစ်တပ်က စစ်မှုထမ်းအဌားလိုက်မည့်သူများအား တိုက်ရိုက် ဌားပေးလျက်ရှိသည်။
မွန်ပြည်နယ်အတွင်း အဓမ္မစစ်မှုထမ်းသင်တန်းကို သံဖြူဇရပ်မြို့နယ်အတွင်းရှိ အမှတ်လေး တန်းမြင့်လေ့ကျင့်ရေးကျောင်းနှင့် သထုံမြို့နယ်၊ အမှတ်ကိုး စစ်အခြေခံလေ့ကျင့်ရေးတပ်တို့တွင် ဖွင့်လှစ်လျက်ရှိသည်။
မွန်ပြည်နယ်အတွင်း စစ်မှုထမ်းအပတ်စဉ်ခြောက်သင်တန်းတက်ရောက်မည့်သူများကို အောက်တိုဘာ ၁၆ ရက်၌ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းက ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ဒေသတွင်း စစ်ကောင်စီလော်ဘီ ရာမညတိုင်းမ်က ဖော်ပြထားသည်။
စစ်မှုထမ်းအပတ်စဉ်တစ်သင်တန်းကို ယခုနှစ်၊ဧပြီရှစ်ရက်တွင် တစ်နိုင်ငံလုံး၌ စတင်ဖွင့်လှစ်ခဲ့သည်။
၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီ၁၀ရက်တွင် စစ်ကောင်စီက အဓမ္မအတည်ပြုခဲ့သော စစ်မှုထမ်းဥပဒေအရ အမျိုးသားများမှာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ၊ အမျိုးသမီးများမှာ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အထိ ၊ အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုသည့် ကျွမ်းကျင်သူ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ နှင့်အမျိုးသမီးဖြစ်ပါက ၁၈ နှစ်မှ ၃၅ နှစ်အထိ စစ်မှုထမ်းရမည်ဟု ပြဌာန်းထားသည်။