By Garcia Ni / MPA
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုများရှိလာပြီး ၎င်းတို့ကိုဖျက်ဆီး၍ ဘိန်းစိုက်ခင်းကင်းစင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
တီးတိန်မြို့နယ်တွင်းရှိ ဘိန်းစိုက်ခင်းဧက ၂၀ ကျော်ကို ဇိုးလဲန်းပြည်သူ့ရဲတပ်ဖွဲ(PPF-Zoland) နှင့် PDF Zolandတို့က အောက်တိုဘာ၂၂ နှင့် ၂၃ရက် တို့တွင် သွားရောက်ဖျက်ဆီးခဲ့ပြီး ထပ်မံ၍စုံစမ်းမှုများလည်း လုပ်ဆောင်နေကြောင်း တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဆရာJabezက ဆိုသည်။
“ ကျတော်တို့တီးတိန်မြို့နယ်မှာတော့ အာဏာသိမ်းပြီးမှဘဲ၊ အာဏာသိမ်းပြီမှတောင် ဒီနှစ်လောက်မှဘဲ စစိုက်ပျိုးလာကြတာပါဗျ၊ နိုင်ငံရေးအခြေအနေမကောင်းတော့ ပြည်သူတွေကပေါ့နော် သူတို့စားဝတ်နေရေးအတွက်ဆိုပြီးမှ စမ်းသပ်စိုက်ပျိုးထားတာ၊ အဲ့ဒီစမ်းသပ်ကာလမှာဘဲ ကျတော်တို့အနေနဲ့ ကျတော်တို့မြို့နယ်ထဲမှာ ဒီလိုမျိုးဆက်မရှိဖို့ ပထမခြေလှမ်းအနေနဲ့ ဖျက်ဆီးခဲ့တာပါ” ဟု ၎င်းက MPAကိုပြောသည်။
လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် စားဝတ်နေရေးအဆင်မပြေဖြစ်နေသည့် ပြည်သူများအတွက် ဘိန်းစိုက်ပျိုးမှုကိုဦးစားမပေးဘဲ အခြားအသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ဖန်တီးပေးနိုင်ရန် တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ဆရာJabezက ဆက်လက်ပြောသည်။
ယင်းအပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ချင်းပြည်နောက်မြောက်ပိုင်း တွန်းဇံမြို့နယ်နှင့် ကျီခါးမြို့နယ်များတွင်လည်း ယခင်နှစ်များကတည်းက ဘိန်းစိုက်ပျိုးမှုကို တွင်တွင်ကျယ်ကျယ်ပြုလုပ်နေကြပြီး တစ်စုံတစ်ရာအရေးယူဆောင်ရွက်မှုမရှိသေးကြောင်း စုံစမ်းသိရှိရသည်။
“ ပိုက်ဆံအရင်းအနှီးတတ်နိုင်တဲ့ မြို့ပေါ်ကလူတွေက တောင်ယာတွေကိုငှားပြီး စိုက်ပျိုးနေကြတာတွေလည်း ရှိတယ်လို့သိရတယ်။ ဒေသခံတွေကတော့ အလုပ်သမားအငှားလိုက်တာလောက်ပဲ လုပ်နိုင်ကြတာပါ” ဟု တွန်းဇံမြို့နယ်နှင့်နီးစပ်သည့် ခမ်းပါတ်ဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
တွန်းဇံမြို့နယ်နှင့် ကျီခါးမြို့နယ်များအတွင်း စိုက်ပျိုးလျက်ရှိသော ဘိန်းစိုက်ခင်းများနှင့်ပတ်သက်၍ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ မေးမြန်းရန် MPAကဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
ယင်းအပြင် တီးတိန်မြို့နယ်တွင် စစ်ကောင်စီအာဏာမသိမ်းခင်ကတည်းက မူယစ်ဆေးဝါးပြန့်နှံ့မှုများ ရှိနေသော်လည်း စစ်ကောင်စီအာဏာသိမ်းပြီးနောက် အထိန်းအကွပ်မရှိတော့ဘဲ ပိုမိုကျယ်ပြန့်စွာသုံးစွဲလာကြောင်း တီးတိန်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ ဒါတွေ(မူးယစ်ဆေးဝါး)က အရင်ကတည်းကရှိတာကတော့ရှိတယ်။ အခုက စည်းမဲ့ကမ်းမဲ့ဖြစ်လာတော့ ပိုပေါ်သွားတာပေါ့နော်၊ ပိုလည်း လုပ်ရဲကိုင်ရဲရှိလာတယ်။ တစ်ခုရှိတာက တီးတိန်မှာက သူခိုးပိုများလာတာပေါ့၊ အခုနောက်ပိုင်းဆိုရင် သူခိုးတွေကဆေးသမားများတယ်လေ” ဟု ၎င်းက ပြောသည်။
၂၀၂၄ခုနှစ်၊ မေလကုန်ပိုင်းကဖြစ်ပွားခဲ့သော မြို့တွင်းတိုက်ပွဲအခြေအနေများကြောင့် တီးတိန်မြို့ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ရှောင်တိမ်းခဲ့ကြရပြီး လက်ရှိတွင်ဒေသခံတဝက်ခန့်သာ မြို့ပေါ်ပြန်လည်ဝင်ရောက်နေထိုင်ကြကာ လူမနေသည့်အိမ်များကို နေ့ရောညပါ ဖောက်ထွင်းခိုးယူသူများရှိနေကြောင်း စုံစမ်းသိရှိရသည်။


