By Poesangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြိုနယ့်များကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၁၅ရက်မှ ၂၄ရက်နေ့ထိ အရပ်သား ၁၄ဦးသေဆုံးပြီး ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် တအာင်းတပ်မတော်-TNLA က သီပေါမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီက နောင်ချို၊ လောက်ကိုင်၊ ကွမ်းလုံ၊ လားရှိုးနှင့ နမ့်ဆန်မြို့များကို လေကြောင်းအသုံးပြုပြီး ပေါင်၅၀၀ ဗုံးများဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ထိုကဲ့သို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့တွင် သေဆုံးသူ လေးဦး၊ ဒဏ်ရာရရှိသူ ခုနှစ်ဦး၊ နမ့်ဆန်မြို့တွင် သေဆုံးသူ ငါးဦး၊ ဒဏ်ရာရရှိသူ လေးဦးနှင့် လားရှိုးမြို့တွင် သေဆုံးသူ ငါးဦး၊ ဒဏ်ရာရရှိသူ ငါဦးနှင့် ကွမ်းလုံမြို့တွင် ဒဏ်ရာရရှိသူ တစ်ဦးရှိခဲ့ကာ လောက်ကိုင်မြို့၌ လူထိခိုက်မှုမရှိသော်လည်း နေအိမ်အများအပြားပျက်စီးခဲ့ ကြောင်း သိရသည်။
” ဗုံးကြဲခံရပြီးနောက်ပိုင်း ညညဆိုရင် ရွာထဲမှာ ဘယ်သူမှ မအိပ်ရဲဘူး။ လက်ဖက်ခြံမှာ သွားအိပ်ကြတယ်။ သက်ကြီးရွယ်အိုတွေက ပိုပြီးအခက်အခဲရှိတယ်။ ကျန်းမာရေးလည်းမကောင်းဘူး။ လူကြီးမပြောနဲ့ ကလေးတွေတောင် အသံနည်းနည်းကြားတာနဲ့ ကြောက်လန့်နေပြီ၊ ကျန်းမာရေး သိပ်မကောင်းတဲ့သူဆိုရင် စိတ်ကျန်းမာရေးထိခိုက်သွားတာမျိုးရှိတယ်။ လေယာဉ်သံကြားတာနဲ့ ပြေးပုန်းနေရတာ ” ဟု နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာက အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
နမ့်ဆန်မြို့နယ်၊ ဟိုမိန်ကျေးရွာကို အောက်တိုဘာ ၂၂ရက် နံနက်၊ တစ်နာရီခွဲတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ရွာတစ်ခုလည်းဖြစ်သည်။
လက်ရှိ စစ်ကောင်စီက ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ ပြုလုပ်နေသော်လည်း တရုတ်အစိုးရက ကန့်ကွက်မှုမရှိသော်လည်း မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ကိုမှု နည်းလည်းမျိုးစုံဖြင့် ဖိအားပေးမှုများ မကြာခဏပြုလုပ်လျက်ရှိသည်။
ထိုကဲ့သို့ ဖိအားပေးရာတွင် တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားနိုင်သည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံထုတ်ကုန်များကို မြန်မာနိုင်ငံတင်သွင်းခွင့်အား ယခုရက်ပိုင်းအတွင်း တရုတ်အစိုးရကပိတ်ပင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနှင့် နမ့်ခမ်း ဂိတ်ကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
“တိုင်းရင်းသားတွေက လက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့တာ နှစ်ပေါင်းလည်း မနည်းတော့ပါဘူး။ တရုတ်ဖိအားပေးတယ်ဆိုတာ အခုတင်မဟုတ်ပါဘူး။ အရင်လည်း အဲ့ဒီလိုပဲ၊ ရှင်းရှင်းပြောရရင် တရုတ်က မြန်မာနိုင်ငံက ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီဆိုတဲ့ဟာကို သူကမှ မဖြစ်စေချင်တာ၊ အဲ့ဒါကြောင့်မို့ ကျတော်တို့နိုင်ငံကို မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လုပ်ပြီး စကစကို အားပေးလိုက်၊ တိုင်းရင်းသားကိုအားပေးလိုက်နဲ့ တရုတ်က ကျတော်တို့နိုင်ငံအပေါ် မေတ္တာမရှိဘူး ။ ဒါက ကျတော်တစ်ဦးတစ်ယောက်ရဲအမြင် ယူဆချက်ပေါ့” ဟု လားရိူးမြို့ခံ၊ ရှမ်းလူငယ် အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ တရုတ်အစိုးရက နယ်စပ်ဂိတ်များ ပိတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် ရိုက်ခတ်မှုများရှိသော်လည်း တိုင်းရင်းသားများသည် နှစ်ပေါင်း ၇၀ကျော် ဆင်းရဲပင်ပန်းစွာ ဖြတ်ကျောက်ခဲ့ရခြင်းကြောင့် ကြုံလာမည့် အခက်အခဲများကို မကြောက်သလို တရုတ်အစိုးရကလည်း ရေရှည်ပိတ်ထားနိုင်မည်မဟုတ်ဟု ၎င်းက ဆက်လက်ပြောသည်။
“ တရုတ်အစိုးရက နယ်စပ်တွေအကုန်ပိတ်တယ်။ သွင်းကုန် ထုတ်ကုန်ပေးမလုပ်ဘူး။ အဲ့ဒါဆို ကျတော်တို့ မြန်မာနိုင်ငံထွက်တဲ့ ကုန်ပစ္စည်းတွေကော သူတို့မလိုအပ်တော့ဘူးလား။ သူဘယ်လောက်ထိ ပိတ်နိုင်မှာလဲ ကိုယ့်နိုင်ငံက သွင်းတဲ့ ကုန်တွေလဲအများကြီးလေ ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများရပ်တန့်ရန် တရုတ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကို အမျိုးမျိုးဖိအားပေးနေသည့်အပြင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်စပ်မြို့များကိုလည်း ရေ၊ မီး၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လက်နက်ခဲယမ်း သယ်ဆောင်ခွင့်များကိုလည်း တားမြစ်မှုများ လုပ်ဆောင်ထားသည်။
အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းလားရှိ တာလော့ဂိတ်နှင့် မူဆယ်-ကျယ်ခေါင်ဂိတ်အပြင် တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံးကို အောက်တိုဘာ ၂၂ရက်မှစတင်ကာ လူအဝင်အထွက်တင်းကျပ်ပြီး ပို့ကုန်သွင်းကုန်များအားလုံးကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု မူဆယ်မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
“ဆင်ဖြူဂိတ်နဲ့ အလယ်ပေါက်ဂိတ် (ကြယ်ခေါင်)မှာ အဝင်ထွက်တော့ရှိတယ်။ နည်းနည်းတော့ တင်းကျပ်တယ်။ နမ့်ခမ်းနဲ့ မူဆယ်ပဲရတယ်။ အသီးအရွက်လောက်ပဲ အဝင်အထွက်ရတယ်။ တရုတ်ဘက်ကသတ်မှတ်ထားသလောက်ပဲရမယ်။ ကန့်သတ်တဲ့ ပစ္စည်းတွေပဲရတယ်” ဟု မူဆယ်မြို့ ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုအပြင် ရှမ်းမြောက်မှာတိုက်ပွဲများ ရပ်တန့်ဖိုတရုတ်ပြည် အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေကို အမျိုးမျိုးဖိအားပေးလာနေပြီး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားသည့် နယ်စပ်များဘက်ကို ရေ၊ မီး၊ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် လက်နက်ခဲယမ်း သယ်ဆောင်ခွင့်တွေပါ ပိတ်ပင်ထားပါသေးသည်။
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ပြန်လည်စတင်ပြီးနောက် ဩဂုတ်လ ၂၉ ရက်တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့ ၊ နိုင်ငံတော်လုံခြုံရေးကော်မတီက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ မြန်မာ-တရုတ်နယ်စပ်ဒေသများ အေးချမ်းတည်ငြိမ်မှုထိန်းသိန်းရန်အတွက် တိုက်ပွဲရပ်တန့်ရန် ဖိအားပေးစာတစ်စောင် ပို့ခဲ့သည်။
သို့သော် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AAနှင့် ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် PDF တပ်ဖွဲ့ဝင်များသည် တရုတ်အစိုးရ၏ တိုက်ပွဲများရပ်တန့်ရန် ဖိအားပေးခဲ့သည့်ကြားမှ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့ များကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။