By Ko Paing / MPA
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ဂမုန်းဆည်ဝန်းကျင်တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် နင်းမိုင်းများကို ဒေသခံPDF တို့က ရှင်းလင်းနေကြောင်းသိရသည်။
အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းသည် ဂမုန်းဆည်တစ်ဝိုက် နင်းမိုင်းများထောင်ခဲ့ပြီးနောက် ပြန်ဆုတ်လာခဲ့ရာ မွန်းလွဲ သုံးနာရီခန့်၌ ကန့်နီကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် ၂၄ လုံးပြာကျခဲ့ကြောင်းအုတ်ဖိုမြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။
“ အခုထိတော့ ဘယ်နှစ်လုံး(နင်းမိုင်း)ရှိမှန်းမသိရသေးဘူး။အနီးနားက ဆင်တဲကုန်း ၊ကန့်နီ ၊တံငါကုန်း အကုန်မနေရဲတော့ဘဲ အိုးအိမ်မဲ့ ဖြစ်ကုန်တာပေါ့။ အမျိူးသမီး ခြောက်ယောက်ကို လူသားဒိုင်းအဖြစ် ဝိုင်းရဲစခန်းကို ဖမ်းခေါ်သွားတယ်။ မနေ့က ညနေကတော့ ငါးယောက်ပြန်လွှတ်ပြီး တစ်ယောက်ကို ခုထိပြန်မလွှတ်သေးပါဘူး” ဟု အုတ်ဖိုမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ကိုဒေဝက ယနေ့ (အောက်တိုဘာ၂၄ရက်) ညနေပိုင်းတွင် MPAသို့ပြောသည်။
ယင်းအမျိုးသမီးခြောက်ဦးကို ဘော်ဘင်တောတိုက်ထဲမှ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းသည် ကန့်နီကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဝိုင်းရွာရဲစခန်းမှတစ်ဆင့် ခမရခြောက်(တိမ်မြုပ်တပ်)သို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။