By Bywar Oo / MPA
ရွှေဆိုင်များကို ပစ်မှတ်ထားပြီး လုယက်မှုများ ခပ်စိတ်စိတ်ဖြစ်လာသည့်အတွက် ရွှေဆိုင်များအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုရန် ရွှေလုပ်ငန်းရှင်များအသင်းက ထပ်မံ အသိပေးထားသည်။
လုယက်သူများသည် ရွှေဆိုင်ဖွင့်ချိန်နှင့် ပိတ်ချိန်များကို အဓိကထားကြသည့်အတွက် ယင်းအချိန်များတွင် ပိုမိုဂရုထားနေရကြောင်း မဟာဗန္ဓုလ လမ်းပေါ်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“ဓားပြတိုက်တယ်ဆိုတာ ဖွင့်ချိန်နဲ့ ပိတ်ချိန်ပဲ များတာလေ၊ ဘာလို့လဲဆိုတော့ ပစ္စည်းတွေ တစ်စုတစ်စည်းတည်း ရှိတဲ့အချိန်လေ၊ အဲ့ဒီတော့ အဖွင့်အပိတ်တွေမှာ လူများများနဲ့ ဂရုစိုက်ပြီး လုပ်နေရတယ်။ ကားမောင်းပြီး အိမ်ပြန်တဲ့ အချိန်ဆိုလည်း ငါ့နောက်မှာ ဘယ်ကားပါလဲ၊ မနက်ဆိုလည်း ငါ့ဆိုင်ရှေ့မှာ မသင်္ကာစရာကောင်းတဲ့ ကားတွေ ရှိလား လူတွေရှိလားနဲ့ သေချာဂရုတစိုက်တော့ သတိထားနေရတာပေါ့။ သံပန်းတွေတပ် လုံခြုံရေးတွေ ထပ်ခန့်ထားပေါ့၊ အခုဆို ဆိုင်ကို လူအဝင်အထွက်များအောင်လုပ်ထားရတယ်။ လူနည်းရင် တစ်ခုခုဖြစ်သွားမှာဆိုးလို့ ဒါတွေက အချိန်မရွေးဖြစ်နိုင်တော့ ပိုဂရုစိုက်ရတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကလည်း ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် မိမိတို့ရွှေဆိုင်များတွင် CCTV များတပ်ဆင်ထားသည့်အတိုင်း မိမိတို့နေထိုင်သည့် အိမ်နေရာ ပတ်ဝန်းကျင်နှင့် ကားပါကင်နေများတွင်လည်း CCTV များတပ်ဆင်ထားရန် အောက်တိုဘာ ၂၂ ရက်က အသိပေးစာထုတ်ပြန်ထားသည်။
ထို့ပြင် အရေးပေါ် Alarm Bell များတပ်ဆင်ခြင်း၊ ရွှေ/ငွေ သယ်ဆောင်သည့် ကားများတွင် ကင်မရာများတပ်ဆင် ခြင်း၊ GPS စနစ်များထားရှိခြင်းဖြင့် ကြိုတင်ပြင်ဆင်ထားပြီး လုယက်မှုများ မဖြစ်ပေါ်စေရန် ကာကွယ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့် ပတ်သတ်၍ ရွှေလုပ်ငန်းရှင်တစ်ဦးက “ အခုစာတော့ မသိဘူး။ အရင်က ရွှေဆိုင်တွေကို သင်တန်း တက်ခိုင်းတယ်။ ပြီးတော့ အရေးပေါ်အချက်ပြ ခလုတ်ဝယ်ခိုင်းတယ်ဗျ၊ အဲ့ဒါက သုံးသိန်းနဲ့ ငါးသိန်း ဝန်းကျင်ရှိတယ်။ သူက ဓားပြတိုက်ခံရပြီဆို ခလုတ်နှိပ်လိုက်တာနဲ့ သက်ဆိုင်ရာ မြို့နယ်က ရဲစခန်းမှာ အချက်ပြမယ်ပေါ့ဗျာ၊ ကိုယ့်ဆိုင်က ပန်းပဲတန်းဆို ပန်းပဲတန်းရဲစခန်းမှာ အချက်သွားပြမယ်ပေါ့၊ အဲ့ဒီလိုမျိုးလုပ်ဖို့တော့ စီစဉ်ဖူးတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ရက် ညနေပိုင်းက လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အေးရိပ်မွန် လမ်းမကြီး၊ ခြံအမှတ် (၂) ရှေ့တွင် ဆိုင်မှ ပြန်သိမ်းလာသည့်ရွှေသေတ္တာ သုံးလုံး ( ရွှေထည် ငါးပိဿာ) ကို သေနတ်ပစ်ဖောက်ကာ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားကြသည်။
လသာမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်ပိုင်ရှင်တစ်ဦးကလည်း “အဲ့သတင်းကြားတယ်။ ရွှေဆိုင်တွေ လုတယ် ခဏခဏ ကြားလာတော့ ကျတော်တို့ဆိုင်လည်း အရင်ကထက်ပိုပြီး လုံခြုံရေး အထူးဂရုထားရတာပေါ့၊ အရင်က လုံခြုံရေး နှစ်ယောက်ဆို အခု လေးယောက်ခန့်ထားတယ်။ ကာကွယ်ဖို့ ပစ္စည်းကအစ အစုံထည့်ပေးထားတယ်။ CCTV ဆိုလည်း နေရာလပ်မကျန်တပ်ပြီး ပုံမှန် တောက်လျောက် စစ်ဆေးတာတွေပါ လုပ်ရတယ်။ ဝန်ထမ်းတွေက အစ ဒီကိစ္စကို အထူးဂရုထားဖို့ အခုဆို မိုးလင်းတာနဲ့ လုံခြုံရေးနဲ့ပတ်သက်တာတွေ လုပ်ဆောင်ဖို့ ကိုယ့် အသက်အန္တာရာယ်မဖြစ်စေဖို့ စတာတွေ ညွှန်ကြားပေးနေရတယ်။ တိုင်တာတောတာ နောက်မှ အရင်ဆုံး ကိုယ်က ဆုံးရှုံးမှုများမှာ” ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ခိုးဆိုး လုယက်မှုများ ပိုမိုများပြားလာပြီ မြို့ပြနှင့် ကျေးလက်ရှိ လူထုများ၏ လုံခြုံရေးသည် စိုးရိမ်စရာဖြစ်နေပြီး တရားဥပဒေစိုးမိုးမှု ပျက်စီးသွားသည့်အတွက် ယခုကဲ့သို့ကိစ္စများ ပိုမိုဖြစ်ပွားလာရခြင်းဖြစ်သည်ဟု ဥပဒေအသိုင်းအ၀ိုင်းနှင့် နီးစပ်သူများက ထောက်ပြကြသည်။
ရွှေဆိုင်လုယက်မှုနှင့် ပတ်သက်ပြီး ကျူးလွန်သူများကို စစ်ကောင်စီက ဖမ်းဆီးရမိမှုများရှိကာ၊ ဖမ်းဆီးရမိမှုများသည် PDF များဖြစ်သည်ဟု ဝါဒဖြန့်ချီမှုများရှိသလို စစ်ကောင်စီက စွပ်စွဲထားသည့် အဖွဲ့အစည်းများကလည်း စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ အဖွဲ့အစည်းများက လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ပြန်လည်ပြောကြားမှုများလည်းရှိနေသည်။