By Blackpanda / MPA
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကြားကာလ ကျောင်းများတွင် စာသင်ဆောင်နှင့် စာအုပ်များအပါအဝင် သင်ထောက်ကူပစ္စည်းလိုအပ်နေကြောင်း ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှသိရသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်ကာ စစ်ကောင်စီလက်အောက်၌ ပညာမသင်ကြားလိုသည့် ကလေးများကို NUG က ကြားကာလပညာရေးကျောင်းများဖွင့်လှစ်ပြီး စာသင်ကြားမှုများပြုလုပ်ပေးနေသော်လည်း ပညာသင်နှစ်တိုင်းတွင် လိုအပ်ချက်များရှိနေခြင်းလည်းဖြစ်သည်။
” အဲ့ဒါတွေက အခုထိကို ဖြေရှင်းမပေးနိုင်သေးဘူး။ အဓိက က ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းပေါ့၊ ဖတ်စာအုပ်အပါအဝင် သင်ကြားရေးနဲ့ဆိုင်တဲ့ပစ္စည်းတွေလိုအပ်နေတယ်။ စျေးတွေကလည်းကြီးနေတော့ ဝယ်မဖြည့် ပေးနိုင်သေးဘူး” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးကMPAသို့ပြောသည်။
သို့သော် တော်လှန်ရေးအဖွဲ့များ စိုးမိုးထားသည့်နယ်မြေများရှိ နိုင်ငံရေးအကျဉ်းသားများ၊ စစ်ဘေးရှောင်များနှင့် ဆင်းရဲနွမ်းပါးသည့် ကလေးငယ် ၇၀ခန့်ကို ပညာသင်ကြားနိုင်ရေးအတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ကူညီထောက်ပံ့မူများပြုလုပ်ပေးထားကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် ဆားလင်းကြီးမြို့တွင်ဖွင့်လှစ်ထားသည့် ကြားကာလပညာရေးကျောင်းများတွင် အထက်တန်းထက် မူလတန်းကျောင်းများသာ များပြားပြီး အဆိုပါကျောင်းများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တို့ကိုပါ ပညာသင်ကြားမှုများ ပြုလုပ်နေရသည့်အတွက် စာသင်ဆောင်များ လိုအပ်နေခြင်းဖြစ်သည်ဟု စာသင်ကြားပေးနေသည့် ဆရာတစ်ဦးက ပြောသည်။
“ အခုကမူလတန်းကျောင်းမှာဘဲ အထက်တန်းတွေလည်းတက်နေကြတယ်။ အထက်တန်းက Grade-12ထိ ရှိတယ်။ အဲ့ဒီတော့ စာသင်ဆောင် အခက်အခဲတွေတော့ ရှိတာပေါ့” ဟု ၎င်းကပြောသည်။
ထို့ပြင် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများသည် စျေးအလွန်ကြီးမြင့်ခြင်းကြောင့် ငွေကြေးမတတ်နိုင်သည့် မိဘများသည် ကလေးများကို ဖြည့်စည်းပေးနိုင်ခြင်းမရှိကြောင်း ဆားလင်းကြီးမြို့နယ်ရှိ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
” ကလေးတွေကို ကျောင်းထားဖို့တောင် မတတ်နိုင်လို့ သူများထားပေးတာကို လက်ခံထားရတယ်။ စစ်ဘေးလည်း ရှောင်နေရတယ်။ စားဝတ်နေရေးတောင် အနိုင်နိုင်ဆိုတော့ အမတို့အနေနဲ့ ကလေးကျောင်းတက်တဲ့အခါ လိုအပ်တဲ့ ပစ္စည်းဝယ်မပေးနိုင်ဘူး “ ဟု ၎င်းက ဆက်ပြောသည်။
ထိုကဲ့သို့ ကြားကာလပညာရေးကျောင်းများတွင် လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန်အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စာသင်ဆောင် ၁၆ ဆောင်အထိ ဆောက်လုပ်လှူဒါန်းထားကြောင်း သိရသည်။
ယခုကဲ့သို့ စာသင်ဆောင်များ လှူဒါန်းသော်လည်း ကျောင်းသားဦးရေနှင့် စာသင်ဆောင်လိုအပ်မှုသည် အချိုးကိုက်ညီမှု မရှိသည့်အတွက် အကူအညီများ ဆက်လက်လိုအပ်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။
ထို့ပြင် ဆားလင်းကြီးမြို့ကို စစ်ကောင်စီက စစ်ကြောင်းထိုးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လေ့ရှိသော်လည်း စာသင်ကြားနေသည့် ကလေးများအတွက် လုံလောက်သည့် အကာအကွယ်များ ပြုလုပ်ပေးနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
လက်ရှိ ဆားလင်းကြီးမြို့တွင် အမျိုးသားညီညွတ်ရေအစိုးရအစီအစဉ်ဖြင့် ကျေးရွာ ၃၀တွင် ကြားကာလပညာရေး ကျောင်း များဖွင့်လှစ်ထားပြီး ကျောင်းသား ၁၅၀၀ခန့် ပညာသင်ကြားလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကလည်း ပညာသင်ကြားခွင့် ဆုံးရှုံးနေသည့် ကျောင်းသူ၊ ကျောင်းသားများအတွက် ကြားကာလပညာရေးကျောင်း ၄၈ကျောင်းကို ၂၀၂၃ခုနှစ်အတွင်း ဖွင့်ခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ကြားကာလပညာရေးကျောင်းများသည် အွန်းလိုင်းနှင့် မြေပြင်စာသင်ကျောင်းများဖြစ်ပြီး ၂၀၂ခုနှစ်အတွင်း ဖွင့်လှစ်ခွင့်ပြုလိုက်သည့် စာသင်ကျောင်းများမှာ ရန်ကုန်တိုင်းတွင် ခြောက်ကျောင်း၊ မန္တလေးတိုင်းတွင် လေးကျောင်း၊ မကွေးတိုင်းတွင် ငါးကျောင်း၊ ပဲခူးတိုင်းတွင် သုံးကျောင်း၊ တနင်္သာရီတိုင်းတွင် ငါးကျောင်း၊ စစ်ကိုင်းတိုင်းတွင် နှစ်ကျောင်း ၊ ဧရာ၀တီတိုင်းတွင် တစ်ကျောင်းနှင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် နေပြည်တော်တို့တွင် တစ်ကျောင်းစီ ဖွင့်လှစ်ထားကာ သီးခြားအမည်ဖွင့် ဖွင့်လှစ်ထားသည့် ကျောင်း ၁၇ကျောင်းတို့ဖြစ်သည်။


