By Wadi / MPA
KNU ဌာနချုပ်ကို စစ်ကောင်စီက အသေခံဒရုန်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြားဟု ဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“People Media” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၂ ရက် နေ့လည် ၁၂ နာရီ ၁၀ မိနစ်တွင် KNU ဗဟိုဌာနချုပ်ကို စစ်ကောင်စီက အောက်တိုဘာ ၂၂ ရက် နံနက် ၁၀ နာရီခန့်က အသေခံဒရုန်း လေးလုံးအသုံး ပြုကာ တိုက်ခိုက်ခဲ့ရာ KNU ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး KNU အဖွဲ့ဝင် အများအပြား သေဆုံးခဲ့ဟူ၍ ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂၇,၀၀၀ ကျော်၊ Reaction ပေးသူ ၄၇၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/dckWc
အဆိုပါအကြောင်းအရာကို “Saw Ba Maung, Ko Nyein Maung” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Saw Ba Maung – https://archive.ph/seVBa
Ko Nyein Maung – https://archive.ph/D0N9S
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ Tachileik News Agency မီဒီယာ၌ ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
Tachileik News Agency တွင် အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်ဖြစ်သည့် တပ်မဟာ(၇) တွင် KNU ခေါင်းဆောင်များ အစည်းအဝေးလုပ်နေချိန် စစ်ကောင်စီက ဒရုန်းဖြန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် အစည်းအဝေးရပ်နားလိုက်ရပြီး လူအထိအခိုက် မရှိခဲ့ကြောင်း၊ လက်ရှိတွင် တပ်မဟာ ( ၇ ) နယ်မြေရှိ ကျောင်းများ၊ ရုံးများကို ယာယီရပ်ဆိုင်းထားကြောင်း ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://www.tachileik.net/mm/news/37897
Google တွင် “ KNU ဌာနချုပ်” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Myanmar Now, Mizzima, People’s Spring” အပါအဝင် မီဒီယာများ၌ သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ် တည်ရှိရာ တပ်မဟာ(၇)ကို အောက်တိုဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ KNU ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်သည့် ပုံမှန်အစည်းအဝေးတစ်ခု ကျင်းပ နေချိန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ နယ်မြေတိုက်ခိုက်ခံရမှုသည် အာဏာသိမ်းပြီး လေးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ထမင်းစားရုံ အနည်းငယ်ပျက်စီးသွားပြီး လူထိခိုက် သေဆုံးမှု မရှိကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Myanmar Now – https://shorturl.at/WQCJN
Mizzima – https://bitly.cx/pkJHY
People’s Spring – https://shorturl.at/tQs5U
သုံးသပ်ချက်
သတင်းမီဒီယာများတွင် အောက်တိုဘာ ၂၂ ရက်၊ နံနက်ပိုင်းက KNU ဌာနချုပ်ရှိရာ တပ်မဟာ ( ၇ ) ဧရိယာ ကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ရေးသားထားသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “KNU ဌာနချုပ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ KNU အများအပြားသေဆုံး” ဆိုသည့် အကြောင်းအရာသည် တစ်စိတ်တစ်ပိုင်းမှားယွင်းနေသော သတင်းအမှားဖြစ်သည်။
အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းအထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။