By Nway / MPA
အကျဉ်းထောင်များ၌ လုံလောက်သောဆေးဝါးကုသမှု မရသဖြင့် ယခုနှစ်အတွင်း ကျဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား ၁၅ဦးအထိရှိကြောင်းသိရသည်။
၂၀၂၄ခု၊ ဇန်နဝါရီ တစ်ရက်မှစ၍ အောက်တိုဘာ ၁၇ရက်အထိ အကျဉ်းထောင်များ၌ နိုင်ငံရေး အကျဉ်းသား ၁၅ဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံက သိရသည်။
” အခုအောက်တိုဘာလထဲမှာတင် ထောင်တွင်းဆေးဝါးကုသမှုမရရှိလို့ သုံးဦးကျဆုံးခဲ့ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ရယ်၊ သာယာဝတီထောင်က ကိုဌေးအောင်ကျော်နဲ့ ထားဝယ်ထောင်က နိုင်ကျဉ်းတစ်ဦး ကျဆုံးခဲ့တာပါ ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ဦးဆောင်ကော်မတီဝင်၊ ကိုသိုက်ထွန်းဦးက MPA ကိုပြောသည်။
၂၀၂၃ခုနှစ်တွင် လုံလောက်သောဆေးဝါးကုသမှုမရသဖြင့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၇ဦးကျဆုံးခဲ့ကြောင်း သိရသည်။
“ ဒါဟာ အကျဉ်းထောင်တွေကို ပိုပြီး အာရုံစိုက်သင့်လာပြီဆိုတဲ့အကြောင်း၊ ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုမလုံလောက်တာကို သေဆုံးသွားတဲ့နိုင်ငံရေးအကျဉ်းသားတွေက သက်သေပြနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းနိုင်ငံရေးအကျဉ်းသား ၁၅ဦးထဲတွင် ဒိုက်ဦးထောင်မှ သုံးဦးကျဆုံးခဲ့ပြီး အများဆုံးဖြစ်ကာ ကျိုက်မရောထောင်နှင့် သရက်ထောင်တို့မှ နှစ်ဦးစီကျဆုံးခဲ့ကာ ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။
အောက်တိုဘာခုနှစ်ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည် လုံလောက်သော ဆေးဝါးကုသမှုမရသောကြောင့် ကျဆုံးခဲ့သည်။