By Garcia Ni / MPA
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အိုင်းမကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာ၂၂ရက်) မွန်းလွဲ တစ်နာရီကျော်တွင် အိုင်းမရွာအနီး၌ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပြည်သူများကိုပစ်မှတ်ထား၍ ဗုံးသီးရှစ် လုံးကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ရော့ကက်နှင့် စက်လက်တို့ဖြင့် ပစ်ခတ်ခဲ့သေးကြောင်း အိုင်းမရွာခံအမျိုးသားတစ်ဦးက ပြောသည်။
“သုံးခေါက်လောက်ပတ်ပစ်တယ်။ ၄၅မိနစ်လောက်တော့ကြာမယ်ဗျ။ တစ်ခါပစ်ရင်ဗုံးနှစ်လုံး အတွဲလိုက်။ ရော့ကက်၊ ပွိုင့်5တွေပါပစ်တယ်။ စာသင်ကျောင်းထဲကိုတစ်လုံးကျတယ်။ ရွာအနောက်ဘက်လယ်ကွင်းထဲကိုနှစ်လုံး။ ရွာဘုန်းကြီးကျောင်းနားက အိမ်နှစ်လုံးပေါ်လည်း အတွဲလိုက်ကျတယ်။ ရွာအရှေ့ပိုင်းက နေအိမ်တွေလည်းထိတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ အသက်၅၀အရွယ် ဒေါ်မာလာထွေးဆိုသူဖြစ်ပြီး ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်းသိရသည်။
အိုင်းမရွာမှ နေအိမ်လေးလုံး၊ စာသင်ကျောင်းဆောင်တစ်ဆောင်နှင့် ကျေးရွာဆေးပေးခန်းတို့လည်း ကျည်ထိမှန်ပျက်စီးခဲ့သည်။
အောက်တိုဘာငါးရက်ကလည်း ထီးလင်းမြို့နယ်၊ ကျင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူငါးဦးသေဆုံး၍ ငါးဦး ဒဏ်ရာရရှိခဲ့သေးသည်။