By Sayar Ngaat / MPA
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအထိရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်နှင့် မိုးလေဝသ စောင့်ကြည့်လေ့လာသူများထံမှ သိရသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့လယ်ပိုင်းတွင်ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ယနေ့(အောက်တိုဘာ ၂၂ရက်) နံနက် ကိုးနာရီ မိနစ် ၃၀တွင် မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားပြီး အဆိုပါမုန်တိုင်းငယ်သည် အောက်တိုဘာ ၂၄ရက်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်သည်ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
“ အောက်တိုဘာ ၂၃ရက် မနက်အစောပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ပြီး အောက်တိုဘာ ၂၄ရက် မနက်ပိုင်းမှာတော့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်တာကို တွေ့ရပါတယ်” ဟု ဦးဝင်းနိုင်က ဆိုသည်။
အိန္ဒိယ မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည်မဟုတ်ဘဲ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေများသို့ ဦးတည်ရွေ့လျားကာ အောက်တိုဘာ ၂၄ရက် ညပိုင်းနှင့် အောက်တိုဘာ ၂၅ရက် နံနက်ပိုင်းတွင် ဩရိဿပြည်နယ် ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ထုတ်ပြန်ထားသည်။
သို့သော် မုန်တိုင်းအဝန်းအ၀ိုင်းသည် မြန်မာနိုင်ငံနှင့် ထိစပ်နေခြင်းကြောင့် ဧရာ၀တီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အောက်တိုဘာ ၂၂ရက်မှ ၂၅ရက်နေ့တွင်း မိုးရေချိန် အနည်းဆုံး နှစ်လက်မှ အများဆုံး သုံးလက်မအထိရွာသွန်းနိုင်ဟု ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ထို့ပြင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် တောင်ပေါ်ဒေသများဖြစ်သည့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်လည်း နေရာကွက် မိုးများနိုင်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူများက ဆိုသည်။
” မိုးက ရွာနေတာ သုံးရက်လောက်ရှိပြီ၊ ရွာတော့လည်း တော်တော် များတယ်။ မိုးများတော့ ရေတွေက တက်လာတယ်၊ ဒူးလောက်အထိပါ ရောက်တယ်။ နေ့ခင်းပိုင်းဆို ရေတက်ပြီး၊ ညနေပိုင်းကျ ရေက ကျသွားပါတယ် ” ဟု ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အောက်တိုဘာလ ၂၂ရက်၊ နံနက် ၉နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအား နည်းရပ်ဝန်းသည် အနောက်ဘက်၊ အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ ကြောင်း နံနက် ၁၁နာရီတွင် ထုတ်ပြန်ထားသည်။
ယင်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်နှင့် အနောက်တောင်ဘက် ၁၈၅ မိုင်အကွာ၊ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း၏ တောင်-အရှေ့တောင်ဘက် ၄၁၀ မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျင် မိုင် ၃၀ မှ ၃၅ မိုင်နှုန်းခန့် ဖြစ်ကြောင်း မိုးဇလကဆက်လက် ဖော်ပြထားသည်။
ထို့ပြင် မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လေတိုက်နှုန်းသည် တစ်နာရီလျင် မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၄ ပေခန့် ရှိနိုင်ကြောင်းလည်း သိရသည်။
” မိုးကတော့ တစိမ့်စိမ့်ကို ရွာနေတာပါ၊ ဒီနေ့ အောက်တိုဘာလ ၂၂ရက်၊ မနက်အထိကို လုံးဝ မတိတ်သေးပါဘူး။ မိုးတော့မကြီးပေမဲ့ အကြာကြီး ရွာတော့ မိုးရေချိန်တိုးလာတာပေါ့၊ မိုးအသံကြားရင်းကို ကြောက်ပြီး နေမရဖြစ်နေတာပဲ “ ဟု ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၀ရက်မှ စတင်ကာ ယနေ့အထိ ရန်ကုန်တိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ သာကေတ၊ မင်္ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊ လှိုင်မြို့နယ်နှင့် အခြားမြို့နယ်များတွင် ရေကြီးရေလျှံမှု များဖြစ်ပေါ်နေကြောငိး သိရသည်။
မုန်တိုင်းအရှိန်ကြောင့် မိုးများနိုင်သည့်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးဇလက သတိပေးထားသည်။
ဘင်္ဂလားပင်လယ်အော်၌ ဧပြီ၊ မေ၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် မုန်တိုင်းဖြစ်ပွားမှုအများဆုံးဖြစ်ပြီး မိုးကြိုကာလနှင့် မိုးလွန်ကာလ ဖြစ်ပေါ်သည့် မုန်တိုင်းများသည် အဖျက်စွမ်းအားကြီးကြောင်းလည်း သိရသည်။