By Wadi/ MPA
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်မြို့တွင် သုံးရက်ဆက်တိုက် မိုးရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၀၊ ၂၁ နှင့် ၂၂ ရက်တို့တွင် ရန်ကုန်တိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ သာကေတ၊ မင်္ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊ လှိုင်မြို့နယ်နှင့် အခြားမြို့နယ်များတွင် ရေကြီးရေလျှံမှု များဖြစ်ပေါ်နေသည်။
အောက်တိုဘာ ၂၁ရက်ကလည်း ရွှေပြည်သာမြို့နယ်တွင် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ၂၄ရပ်ကွက်၊ နှင်းပန်းလမ်းရှိ နေအိမ်များ အမိုးလန်ကာ ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရွှေပြည်သာ မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝေးဘသင့်ခဲ့သည့် အိမ်ထောင်စုများကို ရွှေ့ပြောင်းမှုများ ပြုလုပ်ပေးခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“ရွှေပြည်သာက ရပ်ကွက်တော်တော်များများမှာ ရေတွေကြီးနေတယ်။ အိမ်တွေလည်း ရေမြုပ်နေတယ်။ တချို့ လမ်းတွေမှာဆိုရင် ပေါင်လယ်လောက်အထိ ရေတက်တယ်။ မီးလည်း ဖြတ်ထားလို့ ထမင်းဟင်းချက်စားဖို့ တောင် ခက်ခဲနေတယ်။ မနက်က ရွှေပြည်သာ ၁၄လမ်းဆုံမှာ ရေကြီးလို့ ကားလမ်းတွေပိတ်နေတာ ၄၅ မိနစ်လောက်ကြာတယ်” ဟု ရွှေပြည်သာ၊ ၁၂ရပ်ကွက်တွင် နေထိုင်သော ကိုဇင်မင်းထက်က MPA သို့ ပြောသည်။
ထို့ပြင် မိုးများမှုကြောင့် ရန်ကုန်တိုင်း၏ မြို့တွင်းခြောက်မြို့နယ်ဖြစ်သော ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်တို့တွင် ရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းအပြင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် မိုးရွာမှုကြောင့် နေအိမ်များနှင့် ကားလမ်းများပေါ်၌ ရေနစ်မြှုပ်မှုများရှိပြီး စာသင်ကျောင်းအချို့ ပိတ်ထားကြောင်း သိရသည်။
“မိုးဆက်တိုက်ရွာနေတော့ အန်တီတို့ အိမ်ရှေ့လမ်းမနဲ့ ခြံထဲကို ရေတွေဝင်နေပြီ၊ ထပ်ရွာရင် အိမ်ထဲအထိ ရေဝင်လာတော့မယ်။ အဲ့ဒါတွေကြောင့် မနှစ်က အိမ်က မြှင့်ထားသေးတယ်။ အိမ်က ကလေးနှစ်ယောက် တက်တဲ့ ကျောင်းလည်း ရေမြုပ်နေလို့ ကျောင်းမပို့နိုင်ဘူး” ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၅၅ရပ်ကွက်တွင် နေထိုင်သော ဒေါ်သီတာက ပြောသည်။
ယင်းအပြင် လှိုင်သာယာမြို့နယ်တွင်လည်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ခြေတံရှည်အိမ်များ၏ တံခါး၀ထိရေတက်ရောက်မှုရှိနေသည်ဟု မီးခွက်စျေးအနီးနေထိုင်သည့် အသက် ၄၀အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ မိုးတွင်းတုန်းက ရေတက်တာက ခြံထဲထိပဲ ရေဝင်တယ်။ အခုက ဖိနပ်တွေ ထားတဲ့နေရာအထိပါရေတွေရောက်လာပြီ၊ အခုနှုန်းတိုင်း မိုးရွာပြီး ရေဆက်တက်ရင်တော့ ရွှေ့ပြောင်းတာတွေလုပ်ရတော့မယ် “ ဟု ၎င်းက ပြောသည်။
မိုးလေဝသနှင့် ဇယဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၂၂ရက် နံနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ ကပ္ ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့ တွင် တိမ်တူထပ်နေကြောင်း ၊ မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ လျှပ်စီးလျက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၂၂ရက် နံနက် ၅နာရီအချိန် မိုးဇလ၏ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေ သော အားကောင်းသည့် လေဖိအားနည်း ရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး ၁၂နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်သည်ဟု မိုးဇလက ဆိုသည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ကာ လှိုင်းအမြင့်သည် ကိုးပေမှ ၁၃ပေအထိရှိနိုင်ကြောင်း မိုးဇလက အသိပေးထားသည်။





