By MPA
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးခြိမ်းခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်သူများ အထိတ်တလန့်ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယခုကဲ့သို့ ရန်ကုန်တိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းသည် ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်ခဲ့သည့် လေပွေလှိုင်းသည် မြိတ်မြို့အနီးမှ ဖြတ်သန်းပြီး ကပ္ပလီပင်လယ်ပြင်အတွင်းသို့ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အောက်တိုဘာ ၁၉ရက်၊ ည ၁၀နာရီခန့်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“ ထိုင်းပင်လယ်ကွေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းက မြိုတ်မြို့အနီးက ဖြတ်ပြီး ကပ္ပလီပင်လယ်အတွင်းရောက်ရှိလာတာကို တွေ့ရပါတယ်။ ဧရာ၀တီ၊ ရန်ကုန်၊ ပဲခူး၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီအထက်ပိုင်းမှာ တိမ်ထူထပ်စွာ ဖြစ်ပေါ်နေတဲ့အတွက် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်မှာကို တွေ့ရပါတယ်” ဟု ဦးဝင်းနိုင်ကဆိုသည်။
ယခုကဲ့သို့ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အတွက် နာဂစ်ကဲ့သို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်သည်ဟု ထင်မြင်မှုများလဲရှိနေသည်။
“ မိုးကသည်းပြီး လေကအတော်ပြင်းတော့ မုန်တိုင်းဝင်ပြီထင်နေတာ၊ သတင်းဌာနတွေမှာလဲ ဆိုင်ကလုန်းမုန်ုတိုင်းဖြစ်နိုင်တယ်ဆိုပြီး ထင်ထားတာမြင်တော့ အတော်စိုးရိမ်နေတာ၊ ဖြစ်တာအရမ်းမကြာဘဲ ငြိမ်သွားမှ စိတ်လေးနည်းနည်းပေါ့သွားတယ် ” ဟု ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုသည် တစ်နာရီခန့်ကြာမြင့်ခဲကြောင်း အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အသက် ၃၀အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
အောက်တိုဘာ ၂၂ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် မိုးများနိုင်ပြီး လေပြင်များ ကျရောက်နိုင်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူများက ခန့်မှန်းထားသည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေသည် ၁၀၀ရာခိုင်နှုန်းရှိပြီး မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ချေမရှိသော်လည်း မုန်အရှိန်သက်ရောက်နိုင်ကြောင်း ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် သုံးသပ်ထားသည်။
မြန်မာနိုင်ငံ သမိုင်းတစ်လျှောက် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများအနက် ၂၀၀၈ ခုနှစ်၊ မေလတွင် ဖြစ်ပေါ်ခဲ့သည့် နာဂစ်မုန်တိုင်းသည် အဆိုးရွားဆုံး သဘာ၀ဘေးတစ်ခုဖြစ်ခဲ့ပြီး ပြည်သူ တစ်သိန်းကျော် သေဆုံးခဲ့သည်။