By Sayar Ngaat / MPA
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် မိုးများနိုင်ပြီး လေပြင်များ ကျရောက်နိုင်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူများက ခန့်မှန်းထားသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁၉ရက် နံနက်ပိုင်း တွက်ချက်မှုများအရ ဘင်္ဂလားပယ်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀ ရာခိုင်နှုန်းရှိကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်၊ နံနက်ပိုင်းမှ စတင်ကာ ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသည့် လေပွေလှိုင်းကြောင့် ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀ ရာခိုင်နှုန်းရှိနေကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
” ထိုင်းမိုးလေဝသဌာနကနေ မနက် ရှစ်နာရီခွဲအချိန်ထုတ်ပြန်ချက်အရ၊ ထိုင်းပင်လယ်ကွေ့မှာ လေပွေလှိုင်း စတင်ဖြစ်ပေါ်နေပါတယ်။ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက စတင်ပြီး ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀ရာခိုင်နှုန်း ရှိနေပါတယ် ” ဟု ဦးဝင်းနိုင်ကဆိုသည်။
ထို့ပြင် ကြိုတင်ခန့်မှန်းချက်များအရ ၂၀၂၄ခုနှစ် အောက်တိုဘာ ၂၀ ရက်၊ နေ့လယ်ပိုင်းတွင် မြိတ်မြို့၏ အနောက်ဘက် ၃၂၆ မိုင်အကွာ၊ ပုသိမ်မြို့၏တောင်ဘက် ၂၆၆ မိုင်အကွာရှိ ကပ္ပလီပင်လယ်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်နိုင်ကြောင်း ဦးဝင်းနိုင်က ဆက်လက် ရေးသားထားသည်။
ယင်းအခြေအနေများကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း စသည့် နေရာ ခြောက်ခုတွင် တစ်နာရီလျင် လေတိုက်နှုန်း ၁၀မိုင်မှ ၂၅မိုင်အထိ မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
ထို့ပြင် အောက်တိုဘာ ၂၀ရက်၊ မွန်းလွဲ နှစ်နာရီမှ အောက်တိုဘာ ၂၂ရက်၊ နံနက် နှစ်နာရီအထိ အထက်ပါ ပြည်နယ်နှင့် တိုင်း ခြောက်ခုတွင် မိုးရေချိန် ၇၀မီလီမီတာနှင့်အထက် မိုးရွာသွန်းနိုင်ကြောင်းလည်း သိရသည်။
” အောက်တိုဘာ ၁၉ရက်၊ မနက် တစ်နာရီလောက်မှာတော့ လေတွေတိုက်တယ်။ လေတိုက်နှုန်းကတော့ ကြမ်းပါတယ်၊ ရန်ကုန်တစ်မြို့လုံးနီးပါးပါပဲ ” ဟု ရန်ကုန်မြို့၊ မရမ်းကုန်းမြိုနယ်မှ ပြည်သူတစ်ဦးက ပြောသည်။
ယင်းအပြင် အောက်တိုဘာ ၂၁ရက်မှ ၂၃ရက်အထိ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀အထက်ရှိနိုင်ပြီး၊ လှိုင်းအမြင့်သည် ခုနှစ်ပေအထိရှိနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူများ၏ ကြိုတင်ခန့်မှန်းချက်များအရသိရသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး မုန်တိုင်းလမ်းကြောင်းသည် မြန်မာ့ကမ်းရိုးတန်းနှင့် နီးကပ်နေခြင်း၊ မြန်မာ့ပင်လယ်ကမ်းရိုးတန်းအနီးဒေသများသည် မုန်တိုင်းလမ်းကြောင်း ညာဘက်ခြမ်းတွင်ရှိနေခြင်းကြောင့် မုန်တိုင်းအရှိန်သက်ရောက်မှုများနိုင်ကြောင်း ဦးဝင်းနိုင်က သတိပေးထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလိပင်လယ်ပြင် အခြေအနေနှင့်ပတ်သက်ပြီး အောက်တိုဘာ ၁၉ရက်၊ မွန်းလွဲ ၁၂နာရီခွဲချိန် တိုင်းထွာချက်အရ ကပ္ပလိပင်လယ်ပြင်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ လေဖိအားနည်းဆဲလ်ကြောင့် မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်းသည် တစ်နာရီလျင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်းနှင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့်သည် ၇ ပေမှ ၉ ပေအထိနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေအထိ ရှိနိုင်ကြောင်း မိုဇလက ဆိုသည်။
” အရင်ကဆို မုန်တိုင်းတစ်ခုပဲ ကြောက်ရတယ်။ ဒီနောက်ပိုင်းကျ မိုးများရင်ကို ကြောက်နေရတယ်။ ကျတော်တို့က အနိမ့်ပိုင်းရပ်ကွက်မှာ နေရတာလေ၊ အဲဒီတော့ မိုးများတာနဲ့ ရေတွေက ဝင်တော့တာပဲ ” ဟု ပဲခူးမြို့ခံ ပြည်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်မှ စတင်ကာ တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြား မိုးအဆက် မပြတ် ရွာသွန်းခဲ့ပြီး နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်း စသည့် ဒေသများရှိ မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး လူဦးရေ တစ်သိန်းလေးသောင်းကျော်ရေဘေးသင့်ခဲ့ကာ၊ ၄၃၆ဦးသေဆုံးကြောင်း စစ်ကောင်စီက အောက်တိုဘာ တစ်ရက်တွင် ထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်၌ ဧပြီ၊ မေ၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် မုန်တိုင်းဖြစ်ပွားမှုအများဆုံးဖြစ်ပြီး မိုးကြိုကာလနှင့် မိုးလွန်ကာလ ဖြစ်ပေါ်သည့် မုန်တိုင်းများသည် အဖျက်စွမ်းအားကြီးကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ သမိုင်းတစ်လျှောက် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများအနက် ၂၀၀၈ ခုနှစ်၊ မေလတွင် ဖြစ်ပေါ်ခဲ့သည့် နာဂစ်မုန်တိုင်းသည် အဆိုးရွားဆုံး သဘာ၀ဘေးတစ်ခုဖြစ်ခဲ့ပြီး ပြည်သူ တစ်သိန်းကျော် သေဆုံးခဲ့သည်။