By Nway / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျရာနေရာ ဝန်းကျင်ရှိ PDFရဲဘော်နှင့် ပြည်သူများ မူးဝေအော့အန်ကြကြောင်း သိရသည်။
အောက်တိုဘာ ၁၇ရက်မှစ၍ မတ္တရာမြို့ပေါ်မှ စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်အနောက် ခြမ်းဘက်သို့ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေပြီး ယင်းလက်နက်ကြီးကျရောက်သည့် နေရာ အနီးမှ ကာကွယ်ရေးရဲဘော်နှင့် ပြည်သူများ မူးဝေ၊ အော့အန်နေခြင်းကြောင့် ယင်းလက်နက်ကြီး ကျည်တွင် ဓာတုပစ္စည်းများပါသည်ဟု Wetlet Informational Network က မှတ်ချက်ပြုသည်။
” တစ်နေ့ထဲက တောက်လျှောက် အချိန်တိုင်း လက်နက်ကြီးတွေနဲ့ပစ်တယ်။ ခုကို ပစ်နေတုန်း။ လက်နက်ကြီးကြောင့် ပြည်သူတွေရော၊ ရဲဘော်တွေရော အထိအခိုက်မရှိပေမဲ့ လက်နက် ကြီးကျ တဲ့နေရာက အငွေ့တွေကြောင့် မူးဝေတာ၊ အော့အန်တာတွေ ဖြစ်ကြတယ်။ နှာခေါင်းစည်းတွေ ပေးဖို့စီစဉ်နေရတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ယနေ့နံနက် ၁၀နာရီကျော်တွင် MPA ကို ပြောသည်။
မတ္တရာမြို့နယ် အနောက်ခြမ်း တစ်နေရာကို တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာတစ်စင်းနှင့် Mi35 တစ်စင်းတို့ကို ယနေ့(အောက်တိုဘာ၁၉ရက်)နေ့ခင်း ၁၂နာရီကျော်တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း Wetlet Informational Network က ထုတ်ပြန်ထားသေးသည်။
ထို့ပြင် အောက်တိုဘာ ၁၇ရက်မှစ၍ ပန်းယျရွာစစ်ကောင်စီအခြေစိုက်စခန်း ( မတ္တရာမြို့အဝင် မြောက်ဘက်ဂိတ် ) မှ မတ္တရာမြို့နယ် အနောက်ခြမ်းသို့ ဒရုန်းများဖြင့် ဗုံးသီးကြဲချမှုများရှိကြောင်း သိရသည်။
” မနေ့ နေ့လည် ၂နာရီလောက်က အနောက်ခြမ်းကို Mi 35 နဲ့ လေကြောင်းလာပစ်သွားသေးတယ်။ ဝန်စုရွာနားလောက်ဖြစ်မယ်။ စက်သေနတ်ပစ်သွားတာ။ ပြည်သူထိခိုက်မှုမရှိပါဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
အောက်တိုဘာလအစပိုင်းကစ၍ ပန်းယျရွာစစ်ကောင်စီအထိုင်ချစခန်း ( မတ္တရာမြို့ဝင်မြောက်ဘက်ဂိတ် ) မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် မတ္တရာမြို့နယ်အနောက်ခြမ်းသို့ ဝင်ရောက်နေပြီး ကျေးရွာများအား မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။