By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ စစ်ကောင်စီ ဒုစစ်ခေါင်းဆောင် စိုးဝင်း ရောက်ရှိနေချိန်တွင် ကာမီကာဇေ အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးက သတင်းထုတ်ပြန်သည်။
ယနေ့ (အောက်တိုဘာ ၁၅ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် စိုးဝင်ရောက်ရှိနေသော အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး စိုးဝင်း၏ ရဟတ်ယာဥ်များ ရပ်ထားရာနေရာသို့ နံနက် ၁၁ နာရီခွဲဝန်းကျင်၌ ကာမီကာဇေဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ပေါက်ကွဲသံကတော့ နှစ်ခါလွှတ်တာ နှစ်ကြိမ်ကြားရပါတယ်။ကျတော်တို့ ပစ်မှတ်တွေနဲ့ တော့အနီးဆုံးတွေကနေကြားရတာပါ။ထိခိုက်မှုအခြေအနေကတော့စုံစမ်းဆဲပါဘဲဗျ။လုံခြုံရေးလည်းအထူးတင်ကျပ်ထားတော့စုံစမ်းလို့မရသေးပါဘူးဗျ” ဟု ဒေါင်းတမန်စစ်ဆင်ရေး တာဝန်ခံ ဆရာဒေါင်း ကပြောသည်။
ယင်းတိုက်ခိုက်မှုကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှ ပြန်လည်ပစ်ခတ်ခြင်းမရှိကြောင်း သိရသည်။
“ကျတော်တို့ ဒရုန်း မချခင်ကတည်းက နမခ ပတ်လည်ကို ရဟတ်ယာဉ်တစ်စီးပတ်ဝဲနေတယ်။ ကျနော်တို့ ဒုတိယအစီးချတော့ ရဟတ်ယာဥ် နှစ်စီး မောင်းတက်သွားတယ်။နမခ ကနေ ပြန်ပစ်တာမျိုးမရှိဘူးဗျ။စိုးဝင်း ရောက်နေတော့ ရုပ်ပျက်မှာစိုးလို့ထင်တယ်။ကျတော်တို့ရဲဘော်တွေ လည်း အောင်မြင်စွာပြန်ဆုတ်ခွာနိုင်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF(ဧရာဝတီတိုင်း) (ပကဖ) ဒရုန်းတပ်ဖွဲ့နှစ်၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (4) SSTF၊ Eagle Wing Drone Force၊ ဗေဒါပျံ (Drone Team) ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့၊” ငါတို့” ထောက်ပို့အဖွဲ့နှင့် ဒေသခံတပ်ရင်း၊တပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။