By Ra Wai / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထဲ အဓမ္မသွတ်သွင်းခံခဲ့ ရသည့် ရဲမေ၇၈ဦးကို ဖမ်းဆီးမိခဲ့ပြီး လူသားချင်းစာနာမှုအရ ပြန်လွှတ်ပေးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
သီပေါမြိုနယ်ရှိ တပ်စခန်းများကို ဇူလိုင် ၂၀ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး၊ နှစ်လကျော်အကြာ အောက်တိုဘာ ၁၃ ရက်၌ ခမရ ၅၀၃၊ ခမရ ၅၀၄၊ ခလရ၂၃ တပ်စခန်း၊ ရဲစခန်းနှင့်အစိုးရဌာနဆိုင်ရာရုံးများအားလုံးကို အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း ယနေ့ (အောက်တို ဘာ ၁၅ရက်) ည သတင်းထုတ်ပြန်သည်။
“သီပေါမြို့ကို သိမ်းပိုက်လိုက်နိုင်တာဟာ ၁၀၂၇စစ်ဆင်ရေးအောင်လံကို တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိ အားတွေကြားထဲကနေ အမြင့်ဆုံးလွှင့်ထူပြလိုက်နိုင်တာပဲ” ဟု လားရှိုးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။
ဖမ်းဆီးရမိသည့် ရဲမေများကို အောက်တိုဘာ၁၂ရက်တွင် ကားလေးစီးဖြင့် စစ်ကောင်စီထံသို့ ပို့ဆောင် ပေးခဲ့ခြင်းဖြစ်သည်။
သီပေါတပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighterဖြင့် ၁၀၅ကြိမ်၊ Y12 ဖြင့် ၁၆၇ကြိမ်၊ လက်နက်ကြီးဖြင့် ၁၈၉၃ကြိမ်၊ ရော့ကက်ဒုံးကျည်ဖြင့် ရှစ်ကြိမ်နှင့် ဟောင်ဝှစ်ဇာဖြင့် ရှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များကို ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို ဒေသခံ ၃၃ဦး သေဆုံးပြီး ၈၀ ဒဏ်ရာရရှိကာ စာသင်ကျောင်းနှစ်ကျောင်းနှင့် လူနေအိမ် ၄၇လုံး လေယာဉ်ဗုံး ထိမှန်၍ မီးလောင်ပျက်စီးခဲ့ကြောင်း TNLAက ဆိုသည်။
တိုက်ပွဲကာလအတွင်း ဟောင်ဝှစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၁၅၅လက်၊ ၆၀ (မမ) ခုနှစ်လက်၊ ၈၁ (မမ) တစ်လက်၊ RPG နှစ်လက်၊ စက်လတ် ကိုးလက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
အောက်တိုဘာ ၁၃ ရက်အထိ ၁၀၂၇ စစ်ဆင်ရေး အပိုင်းနှစ်အတွင်း TNLAသည် နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။