By Zwe Ko / MPA
စိုက်ပျိုးရေးကုန်ကြမ်းပစ္စည်းများ စျေးနှုန်းနှစ်ဆနီးပါး မြင့်တက်လာသော်လည်း စပါးစျေးနှုန်းမှာ မြင့်တက်မှုမရှိလာ ခြင်းကြောင့် တောင်သူများအရှုံးပေါ်နေရကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးရာတွင် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများသည် ၂၀၂၃ခုနှစ်ကထက် နှစ်ဆနီးပါး စျေးမြင့်တက်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ခုနှစ် မိုးစပါးပေါ်ချိန်တွင် သက်ငယ်၊ သက်လတ်စပါး တင်း ၁၀၀လျင် ကျပ် ၁၅သိန်းနှင့် ၁၆သိန်းကြား ပေါက်စျေးရှိခဲ့ပြီး ယခုနှစ်တွင်လည်း အဆိုပါစျေးနှင့် အနည်းငယ်သာ ကွာခြင်းမှုရှိသည်ဟု သာယာ၀တီမြို့နယ်မှ အသက် ၄၀ အရွယ်တောင်သူတစ်ဦးက ပြောသည်။
“ စပါးစျေးက မနှစ်ကစျေးတင်း ၁၀၀ ပေါက်စျေးထက် ပိုများမှ နှစ်သောင်းသုံးသောင်းပဲ၊ မြေဆီစျေးတွေက ပုလဲ တစ်အိတ်ကို ခုနှစ်သောင်းလောက်ပေးရတယ်။ အခုနှစ်မှာ တစ်သိန်းကျော်ပေးရတယ်။ စပါးရိတ်စက်ခတွေလည်း မနှစ်ကဆို တစ်သိန်းနှစ်သောင်း၊ ဒီနှစ်မှာ နှစ်သိန်းလောက်ပေးပြီး ရိတ်နေရတယ်။ စပါးစျေးကလဲ မတက်တော့ ဘယ်လိုလုပ်အဆင်ပြေတော့မလဲ” ဟု ၎င်းက ရှင်းပြသည်။
ထို့ကဲ့သို့ စိုက်ပျိုးရေးသွင်းအားစုများ စျေးနှုန်းမြင့်တက်မှုအပြင် ရာသီဥတုဖောက်ပြန်မှုမှာလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာသည့်အတွက် တောင်သူများ ဆုံးရှုံးမှုပိုများပြားလျက်ရှိကြောင်း သာယာ၀တီမြို့နယ်မှ အသက် ၃၀အရွယ် တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
“ မနှစ်က ရေကြီးတာ တစ်ခါပဲ၊ ဒီနှစ်ရေကြီးတာ နှစ်ကြိမ်လောက်ရှိတယ်။ အနိမ့်ပိုင်းတွေဆို သုံးကြိမ်လောက် ဖြစ်တာ၊ အခုရိတ်သိမ်းချိန်ထိ မိုးကကောင်းနေတုန်း၊ စပါးအခင်းလိုက် ရေနစ်လို့ ပျက်သွားတာနဲ့၊ ရိတ်ခါနီး ရေမြုပ်ကုန်လို့မရိတ်ရတာနဲ့ ရိတ်ရတဲ့သူကြတော့လည်း စပါးတစ်ဧကကိုမှ ဆယ်တင်း ၊ တင်းနှစ်ဆယ်လောက်ပဲရတော့ ခုနှစ် စိုက်ထုတ်ထားရတဲ့ အရင်းအနှီးနဲ့ စပါးမထွက်တာနဲ့ စပါးစျေးနည်းတာနဲ့ဆိုတော့ တစ်ဧကကို ငါးသိန်းလောက်ရှုံးတယ်။ မြတ်တဲ့သူဆိုတာ မရှိသလောက်ရှားတယ် ” ဟု အထက်ပါ တောင်သူအမျိုးသမီးက ရှင်းပြသည်။
လက်ရှိ ပြည်တွင်းဆန်စျေးကွက်၌ စျေးနှုန်းများမြင့်တက်မှုမရှိစေရေးအတွက် စစ်ကောင်စီက စပါးစျေးနှုန်းများကို ထိန်းချုပ်ထားသော်လည်း တောင်သူများ မဖြစ်မနေအသုံးပြုနေရသည့် စိုက်ပျိုးရေသွင်းအားစုပစ္စည်းများ စျေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း အုတ်ဖိုမြို့နယ်မှ စိုက်ပျိုးရေးပညာရှင် တစ်ဦးက ပြောသည်။
“သူတို့(စစ်ကောင်စီ)က ပုလဲတစ်အိမ် ခုနှစ်သောင်းကျော်၊၁၅ပါတ်လည်တစ်အိပ် တစ်သိန်းနှစ်သောင်းကျော်လောက်ရောင်းရမယ်ဆိုပြီး သတ်မှတ်ထားတာ၊ တကယ့်အပြင်မှာက အဲဒီဈေးနဲ့ ဘယ်ဆိုင်မှ မရောင်းဘူး၊။ ဈေးသာသတ်မှတ်ထားတာ ဈေးတင်ရောင်းတဲ့ဆိုင်တွေကို ဝင်စစ်တာ၊ ဖမ်းတာတွေမလုပ်ဘူး။ ဆန်စျေးတင်ရောင်းတဲ့သူတွေကိုတော့ ဖမ်းနေတယ်။ စပါးစျေးကဘယ်လိုလုပ်တက်တော့မှာလဲ၊ အမှန်ဆို ဒေါ်လာစျေးတွေကျနေတာ ဓာတ်မြေဩဇာစျေးတွေပါ ချပေးရမှာလေ၊ အခုတော့ တောင်သူတွေပဲ နစ်နာဆုံးရှုံးရတယ် “ ဟု စိုက်ပျိုးရေးပညာရှင်တစ်ဦးက ပြောသည်။
ထို့ပြင် စပါးစျေးနှုန်းမြင့်တက်မှုမရှိသည့်အပြင် စပါးများကိုရောင်းချရာတွင်လည်း ဝယ်ယူမည့်ကုန်သည် နည်းပါးနေသည့်အတွက် တောင်သူများ ပိုမိုဒုက္ခရောက်နေရကြောင်း လက်ပံတန်းမြို့နယ်မှ အသက် ၄၀ အရွယ် တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
“ စပါးတွေက အစိုဓာတ်များလို့မဝယ်တဲ့ကုန်သည်နဲ့ အစိမ်းသီးများလို့ ရေနစ်ပြီး မဲလို့ မဝယ်တဲ့သူနဲ့၊ အိမ်မှာ နေလှန်းရအောင်လဲ မိုးကမပြတ်ဘူး။ အဲ့ဒီတော့ ရတဲ့စျေးနဲ့ရောင်းနေရတာ၊ စပါးတင်းတစ်ရာ ၅၂ပေါင်နဲ့ ၁၆သိန်းပေါက်နေပေမဲ့ ဘယ်လိုမှ တွက်ခြေမကိုက်ဘူး။ ဒီတိုင်းသာဆက်သွားနေရင် လယ်တွေရောင်းရတော့မယ် “ ၎င်းက ပြောသည်။
ယခုနှစ်အတွင်း သဘာ၀ဘေးဖြစ်ပေါ်မှာ လျော်ကြေးပေးမည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေးဘဏ်က တောင်သူများထံမှ လယ်တစ်ဧကလျင် အာမခံကြေး သုံးထောင်တောင်းခံခဲ့သော်လည်း လက်ရှိအချိန်ထိ ငွေကြေးပေးအပ်မှုမရှိသေးပေ။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကြောင်းပြုသည့် နိုင်ငံတစ်ခုဖြစ်ပြီး စစ်တပ်အာ ဏာသိမ်းပြီးချိန်မှစတင်ကာ ငွေကြေးဖောင်းပွလာကာ စိုက်ပျိုးရေးအတွက် ကုန်ကျစရိတ်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများလားလျက်ရှိသည်။
ထိုကဲ့သို့ တောင်သူများသည် စိုက်ပျိုးရေးသွင်းအားစု စျေးနှုန်းကြီးမြင့်ခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုများကို ဆိုးရွားစွာ ခံစားနေရသော်လည်း စစ်ကောင်စီက ထိရောက်သည့် ကူညီမှုများ မပေးသည်အပြင် နည်းအမျိုးမျိုးဖြင့် တောင်သူများထံမှ ငွေကြေးတောင်ခံမှုများရှိသည့်အပြင် ဖမ်းဆီးမှုများလည်း လုပ်ဆောင်နေကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။






