By Bala / MPA
ကရင်နီပြည်နယ်၊ ဖားဆောင်းနှင့် ဘော်လခဲမြို့နယ်ကြားရှိ တော်လှန်ရေးတပ်တို့ သိမ်းပိုက်လိုက်သည့် ထူးချောင်းတပ်စခန်းကုန်းတွင် အလောင်းများပြည့်နေကြောင်း သိရသည်။
အောက်တိုဘာလ ၁၂ရက်တွင် စစ်ကောင်စီတပ်၏ ထူးချောင်းတပ်စခန်းကုန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေးလည်း လုပ်ဆောင်ပြီးဖြစ်ကြောင်း ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
“ အားလုံးရှင်းလင်းပြီးပါပြီ။၁၄ရက်နေ့ထပ်ရှင်းတယ်။လူသေအလောင်းများစွာတွေ့ရှိခဲ့ပါတယ်” ဟု ၎င်းက MPAသို့ပြောသည်။
ထူးချောင်းကာကင်းကုန်းကို အောက်တိုဘာ၁၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထူးချောင်းပင်မစ ခန်းကို အောက်တိုဘာ၁၂ရက်၌ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
နယ်မြေရှင်းလင်းရာတွင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပြီး ကတုတ်ကျင်းများ၌ စစ်သားအလောင်းများကို မီးရှို့သင်္ဂြိုဟ်ခြင်းမပြုဘဲ စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။
“ ၁၄ရက်နေ့က ပင်မစခန်းကို သွားရှင်းတော့ ဆန်အိတ်နဲ့ စစ်သုံးပစ္စည်းတချို့တွေ့တယ်။စခန်းက စစ်သားတွေမပြေးခင် သူတို့ဘက်က စစ်သားအလောင်းတွေကို ကတုတ်ကျင်းမြောင်းထဲ ထားထားတာ။လူသေအနံ့တွေက ဆိုးဆိုးဝါးဝါးထွက်နေတယ်။တချို့ဆို ပုပ်နေပြီ။အဲ့ဒါကြောင့် ပင်မစခန်းမှာတော့ ကျတော်တို့နေရာမယူထားဘူး။ စခန်းကုန်းပတ် ဝန်းကျင်မှာပဲ နေရာယူထားတယ်။ဒီစခန်းက စစ်သားတွေက ဖားဆောင်းဘက်ထွက်ပြေးတယ်။အဲ့မှာ တပ်ရင်း နှစ်ခုကျန်နေသေးတာဆိုတော့လေ။ဆက်တိုက်သွားဦးမှာပါ” ဟု ၎င်းက ဆက်လက် ပြောသည်။
ကရင်နီပြည်နယ်၊ဘောလခဲခရိုင်အတွင်းရှိ စစ်ကောင်စီတပ်အတွက် အရေးပါသော မယ်စလောင်းတောင် စခန်း၊ ရေကျော်စခန်း နှင့် ထူးချောင်းစခန်းတို့ကို ယခုနှစ်အတွင်း ကရင်နီပြည်တပ်မတော် (KA) နှင့် တော်လှန်ရေးတပ်ပေါင်းစုများက သိမ်းပိုက်နိုင်ခဲ့သည်။