By Ra Wai / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။
အောက်တိုဘာ ၁၄ရက်တွင် ရေစကြိုမြို့မြို့နယ် ခလရ ၂၅၆မှ ထွက်လာသည့် အင်အား ၆၀ပါစစ်ကြောင်းကို ကံသစ်ရွာနှင့် ကြည့်ကန်ရွာကြား၌ နံနက်ရှစ်နာရီခန့်က တစ်ကြိမ်နှင့်မွန်းလွဲ နှစ်နာရီခွဲခန့်က တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
“ ကံသစ်ကနေ တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်ကို သွားတာပေါ့နော်။ တစ်နေရာနဲ့ တစ်နေရာအကြာကြီးသွားတာ။ မိုင်းက အလုံးရေက များတယ်ဗျ။ ကျတော်တို့ပွိုင့်တွေချည်းပဲ ဘယ်နှစ်လုံးမှန်းကိုမသိဘူး” ဟု ရေစကြိုမြို့နယ်ပကဖ၊ သတင်းပြန်ကြားတာဝန်ခံက MPAသို့ပြောသည်။
ယင်းစစ်ကြောင်းသည် ညနေသုံးနာရီခွဲဝန်းကျင်၌ အင်အားခွဲကာ တောင်အိုတာတိုင် စစ်ဆေးရေးဂိတ်နှင့် ခလရ ၂၅၆ထဲသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း PDF တို့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်သည် ကံသစ်ကျေးရွာကို မီးရှို့သဖြင့် နေအိမ်၁၀ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။







