By Maung Dagon / MPA
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်တော်လှန်မှုများတွင် ပါဝင်နေသည့် လူငယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းပြီး စစ်တိုက်ခိုင်းနေခြင်းဖြစ်သည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲပြောကြားသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁၅ရက်ကပြုလုပ်သည့် NCA စာချုပ်ချုပ်ဆိုခြင်း ကိုးနှစ်ပြည့်အခမ်းအနားတွင် စစ်ခေါင်းဆောင်က အထက်ပါတိုင်း စွပ်စွဲပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၀ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သည့် အစိုးရကို မဲမသာမာမှု ပြုလုပ်သည်ဟု စွပ်စွဲကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီ ခေါင်းဆောင်က လက်နက်ကိုင်တော်နေသူများကိုလည်း နိုင်ငံရေးအကြောင်းပြကာ အကြမ်းဖက်နေသူများဟု ပြောကြားသည့်အပြင် စစ်ပွဲအတွင်းပါဝင်နေသည့် လူငယ်များကိုလည်း မူးယစ်ဆေးဝါးသုံးစွဲနေသည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။
“ ခေတ်အဆက်ဆက် လက်နက် ကိုင်တိုက်ခိုက်မှုများဟာ နိုင်ငံရေးကိုအကြောင်းပြပြီး လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြခြင်းသာဖြစ်ပါတယ်။ သူတို့အနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ဖို့ထက် သီးခြား ရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြတာကို တွေ့ရှိရပါတယ်။ လူငယ်လူရွယ်တွေကို မူးယစ်ဆေးဝါးတွေနဲ့ သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲအတင်း အဓမ္မရောက်ရှိစေခဲ့ကြပါတယ်” ဟု စစ်ကောင်စီ ခေါင်းဆောင်က NCA နှစ်ပတ်လည် မိန့်ခွန်း၌ ထည့်သွင်းပြောဆို စွပ်စွဲထားသည်။
စစ်ကောင်စီသည် ၎င်းတို့ ကျူးလွန်သည့် အပြစ်များအား တစ်ပါးသူကို အစဉ်တစိုက်လွှဲချတတ်ပြီး မြေပြင်တွင်မှု စစ်သားများထံတွင်သာ မူးယစ်ဆေးဝါးများ ဖမ်းမိသည်ကို တွေ့ရသည်ဟု လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်ခဲ့သည့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ စစ်တပ်က သူတို့ရဲ့ အပြစ်တစ်ခုကို တစ်ပါးသူကိုအမြဲလွှဲချတယ်လေ၊ အခုလိုပြောဆိုနေတာတွေကတော့ ပုံမှန်လိုဖြစ်နေပြီ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတုန်းက ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲမှာဆိုရင် ဘိမ်းစာခွက်တွေပါပါနေတာကိုပဲကြည့်လေ ဘယ်သူတွေက မူးယစ်ဆေးသုံး၊ မူးယစ်ဆေးဖြန့်နေလဲဆိုတာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို လစ်လျူရှုထားမှုကြောင့် မြို့ကြီးများ၌ပင် မူးယစ်ဆေးဝါးများ အလွယ်တကူ ဝယ်ယူနိုင်သည့် အခြေအနေများဖြစ်ပေါ်လာကာ လူငယ်အများအပြားသည် မူးယစ်ဆေးစွဲကာ နိုင်ငံရေးကိစ္စများနှင့် ဝေးရာသို့ ရောက်ကုန်သည်ဟု ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ဆိုသည်။
“ ကျန်ခဲ့တဲ့ လူငယ်တွေကို မူးယစ်ဆေးဝါးတွေ ခပ်ပေါပေါနဲ့ ရနိုင်အောင် လုပ်ထားလိုက်တော့ အတော်များများက ဆေးတွေ စွဲကုန်ကြတယ်။ အခုဆို ဘားတွေပဲသွားသွား လမ်းပေါ်ပဲဖြစ်ဖြစ် နေရာတကာ ကြိုက်တဲ့ မူးယစ်ဆေး ခပ်လွယ်လွယ် ရှာလို့ရနေတယ်။ ဒီထဲမှာ ပညာတတ် လူငယ်တွေ အများကြီးပါနေတယ်။ သူတို့ နိုင်ငံရေးကို စိတ်မ၀င်စားကြတော့ဘူး” ဟု အဆိုပါ လူငယ်က ပြောသည်။
ထို့ပြင် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကွယ်မှုများ၏ နောက်ကွယ်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲများ ပါဝင်ပတ်သက်နေရာ စစ်ခေါင်းဆောင်၏ စွပ်စွဲမှုမှာ အခြေအမြစ်မရှိဟု ရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောသည်။
“ ကျတော် မြင်တာကတော့ လက်နက်ကိုင်တော်လှန်နေတဲ့ လူငယ်တွေက ဆေးစွဲမနေဘူး။ မြို့ပေါ်က ကျန်ခဲ့တဲ့ လူငယ်တွေပဲ ဆေးစွဲကုန်တာ၊ ဒါတွေကလည်း နောက်ကွယ်မှာ ရဲတွေ ထိန်းချုပ်ထားတာကို တွေ့ရတယ်။ စစ်ခေါင်းဆောင်ပြောတာတွေက ယုတ္တိရှိမနေပါဘူး” ဟု ၄င်းက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လူငယ်အများအပြားသည် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော်လည်း စစ်ကောင်စီက အကြမ်းဖက်ဖြို့ခွင်းမှုကြောင့် ၎င်းတို့သည် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်သို့ ကူးပြောင်းခဲ့ပြီး မြန်မာနိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်စခန်းများ၊ တပ်ရင်းများကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရမိရာ တွင် မူးယစ်ဆေးဝါးများပါ သိမ်းဆည်းရမိမှုများ မကြာခဏရှိတတ်ပြီး မူးယစ်ဆေးဝါး သုံးစွဲသည့် စစ်သားများကိုလည်း ဖမ်းဆီးရမိမှုများရှိခဲ့ကြောင်း တော်လှန်ရေးရဲဘော်များ၏ ပြောကြားချက်အရ သိရသည်။