By Wadi / MPA (ဆောင်းပါး)
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈ ရက်တွင် မန္တလေးပြည်သူတစ်ရပ်လုံး လမ်းပေါ်ထွက်ခဲ့သည်။ သူတို့ချစ်သော၊ သူတို့ကိုချစ်သော လူတစ်ဦး၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့သည်။ နာရေးကားဖြတ်သွားစဉ် ထိုင်ကန်တော့ကြသည်။ မျက်ရည်စို့ကြသည်။ အံကြိတ်ကာ လက်သီးကျစ်ကျစ်ဆုပ်ထားကြသည်။ အသံမထွက်ဘဲ တိတ်ဆိတ်စွာ အာဏာရှင်ကို တွန်းလှန်ခဲ့ကြသည်။
စွမ်းနိုင်ခဲ့သူ၊ စွန့်နိုင်ခဲ့သူ တစ်ဦးက သူ၏အလင်းကို ထားခဲ့ပြီး ကောင်းကင်ပေါ်သို့ ကြယ်လို ခုန်တက်သွားသည့် နောက်ဆုံးခရီး ဖြစ်ပါသည်။ သူသည်ကား မန္တလေးသားတို့၏ ဟီးရိုး၊ တိုင်းပြည်အတွက် စတေးခဲ့သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ပဲ ဖြစ်ပါသည်။
ထောင်မင်းသား
မြန်မာနိုင်ငံတွင် ထောက်သက်အရှည်ဆုံး နိုင်ငံရေးသမားနှစ်ဦးသည် ဟံသာဝတီဦးဝင်တင်နှင့် ဒေါက်တာဇော်မြင့်မောင်ဟု မှတ်သားရပါသည်။ ဒေါက်တာဇော်မြင့်မောင်သည် ၁၉၈၈တွင် နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့ပြီး ၁၉၉၀ တွင် ထောင်ဒဏ် ၂၅ နှစ် ၊ ၂၀၂၁ စစ်အာဏာသိမ်းချိန်တွင် ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။ နိုင်ငံရေးသက်တမ်းတွင် အမိန့်ချခံရသော ထောင်ဒဏ် ၄၈ နှစ် ရှိခဲ့ပြီး ထောင်ထဲ၌ ၂၂ နှစ်အထိ နေခဲ့ရသူဖြစ်သည်။
၂၂ နှစ်ဆိုသော သက်တမ်းသည် လူတစ်ယောက် ကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးလာဖို့ လုံလောက်သော အချိန်ပမာဏ ဖြစ်သလို ဒီမျှလောက် သက်တမ်းမစေ့ခဲ့သော လူများလည်း ရှိနိုင်သည်။
ဒေါက်တာဇော်မြင့်မောင်၏ ၂၂ နှစ်ကတော့ အဟောသိကံနှစ်များ ဖြစ်ခဲ့ရသည်။ သို့သော် စိတ်နှင့်ရုပ် နှစ်ပါး စလုံးကို နှိပ်စက်ညှင်းပန်းရာဖြစ်သည့် ထောင် ဆိုသော ဝန်းကျင်တွင် ဆယ်စုနှစ် နှစ်ခုကျော်မျှ နေထိုင်ခဲ့ရသူ ဒေါက်တာဇော်မြင့်မောင်၏ မကြောက်တရားနှင့် ထောင်ကျင့်စဉ်သည် နှောင်းလူတို့အတွက် ထင်ရှားသော သမိုင်းမှတ်တိုင်ပင် ဖြစ်သည်။
ဒေါက်တာ ဇော်မြင့်မောင်သည် မန္တလေးသား စိန့်ပေါကျောင်းထွက်ဖြစ်သည်။ မန္တလေးဆေးတက္ကသိုလ်တွင် ဆရာဝန်ဘွဲ့ကို ရခဲ့သည်။ နိုင်ငံရေးလောကထဲမရောက်ခင်က မန္တလေးတက္ကသိုလ်တွင် ဇီဝဓာတု သရုပ်ပြ ဆရာ ဖြစ်ခဲ့သည်။ ၁၉၈၈ လူထုအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သည့်အတွက် ရန်ကုန်သို့ ပြောင်းရွှေ့ခံရခြင်း အား မကျေနပ်သဖြင့် လျော်ကြေးပေးကာ အလုပ်ထွက်ခဲ့ပြီး နိုင်ငံရေးသမားဘဝ ခံယူခဲ့သူဖြစ်သည်။
၁၉၈၈ ခုနှစ် စက်တင်ဘာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းသည့်အခါ ပါတီဝင်အဖြစ် ပါဝင်ခဲ့ သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် အမရပူရ မဲဆန္ဒနယ်က ဝင် ရောက်ယှဉ်ပြိုင်ပြီး ရွေးချယ်ခံခဲ့ရသည်။ သို့သော် လွှတ်တော်အမတ် ဖြစ်မလာခဲ့ဘဲ နဝတအစိုးရ၏ ထောင် ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရပြီး ထောင်မင်းသား ဖြစ်လာခဲ့သည်။
အင်းစိန်၊ မြစ်ကြီးနား နှင့် အိုးဘို ထောင်များတွင် ၂၂ နှစ်ကြာအောင် နေထိုင်ခဲ့ရသည်။ ပြင်ပနိုင်ငံရေးလှုပ်ရှား မှု သက်တမ်းထက် ထောင်တွင်းနိုင်ငံရေးသမားသက်တမ်းက ပိုရှည်ခဲ့သူ ဖြစ်သည်။
လူ့ငရဲထဲက ဒေါက်တို
ဟံသာဝတီဦးဝင်တင်နှင့် ဒေါက်တာဇော်မြင့်မောင်တို့သည် ဆရာအောင်သင်းစကားနှင့် ပြောရလျှင် ထောင်နီးချင်း များဖြစ်ခဲ့သည်။ လူ့ငရဲ စာအုပ်ထဲတွင် ဒေါက်တာဇော်မြင့်မောင်၏ ရုပ်ပုံလွှာတစ်ပိုင်းတစ်ကို မြင်တွေ့ခွင့်ရခဲ့သည်။
ဒေါက်တာဇော်မြင့်မောင်သည် ပျော်ပျော်နေတတ်သည်။ လူစုံ၊ အရွယ်စုံ၊ ပါတီစုံ နှင့် အဆင်ပြေအောင် ပေါင်းသင်း ပြောဆိုနိုင်သည်။ လူငယ်များကို အထူးအလေးပေးသည်။ တန်းတူရွယ်တူလို ဆက်ဆံသည်။ ဘေးလူတွေတောင် နာခံခက်သည့်အထိ လူငယ်တွေအပေါ် လိုက်လျောသည်။ အင်းစိန်ထောင်တွင် ဒေါက် တာဇော်မြင့်မောင်ကို ဒေါက်တို ဟု ခေါ်ကြသည်။ တွဲဖက်ဖြစ်သူ ဒေါက်တာမြင့်နိုင်ကို ဒိန်းဒေါင်ဟု ခေါ်ကြ သည်။ မနက်ခင်းဖြစ်ဖြစ်၊ ညနေခင်းဖြစ်ဖြစ် ဒေါက်တို ဒိန်းဒေါင်တို့၏ ရွှင်ပျသောအသံကို အမြဲလိုလို ကြား ရတတ်သည်။ ဂီတာဝိုင်း၊ သီချင်းဝိုင်း၊ ကဗျာရွတ်ဝိုင်း၊ ပိုက်ကျော်ခြင်းဝိုင်း၊ ခတ်ခြင်းဝိုင်းမှာလည်း သူတို့ အတွဲကို အမြဲလိုလို တွေ့ရတတ်သည်ဟု သိရသည်။
အမြဲလိုလို ပျော်ပျော်နေတတ်သော ဒေါက်တာဇော်မြင့်မောင်သည် ထောင်ဝင်စာတွေ့ခွင့်ရသည့် စနေနေ့ တစ်ရက်တွင် မျက်နှာမသာမယာနှင့် ပြန်လာခဲ့သည်။ အကြောင်းရင်းကတော့ ဇနီးသည်တွင် အသည်းဘီပိုး ရှိသည်ဟု သိရသောကြောင့် ဖြစ်သည်။ သားနှစ်ယောက်၊ သမီးတစ်ယောက် တာဝန်များကလည်းကြီး သည်။ ကလေးတွေကလည်း ငယ်ကြသေးသည်။ သမုဒယနှောင်ကြိုးသည် ယုံကြည်ချက်နှင့်တင်းခံထား ရသူဆီ အရှိန်နှင့်ပြေးဝင်လာသော ကားတစ်စင်း ဖြစ်ခဲ့သည်။ ကဗျာလည်းမရွတ်နိုင်၊ ဂီတာလည်း မတီးနိုင်၊ စကားတွေလည်း ဖောင်မဖွဲ့နိုင်။
ဆရာဇော် ကြွေသွားတာ တစ်ရက် နှစ်ရက်ပါပဲ။ နောက်နေ့တွေကျတော့ ဒေါက်တို၊ ဒိန်းဒေါင် ဇာတ်စုံခင်း ကြပြန်တာပါပဲ။ ပြုံးပျော်အော်ဟစ်မြဲ။ ဆူညံပူညံလုပ်မြဲ။ ၁၉၉၅ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ ကျွန်တော်တို့ ကုလသမဂ္ဂတက်တိုင်ကြတယ်။ သူ ရှေ့ဆုံးကပါလာတယ်။ စစ်ခွေးတိုက်ပို့ခံရသူတွေမှာ လည်း သူ ရှေ့ဆုံးက ပါလာတယ်။ ထောင်တွင်း အထူးတရားရုံးတင်ခံရသူတွေထဲမှာလည်း သူရှေ့ဆုံးက ပါလာတယ်။ ထောင်ဒဏ်တွေ ထပ်ဆင့်တိုးချတော့လည်း သူ ရှေ့ဆုံးက ပါလာတယ်။ ထောင်ပြောင်း ပြစ်ဒဏ်ပေးတော့လည်း သူရှေ့ဆုံးက ပါသွားတယ်။
လူ့ငရဲ / ဟံသာဝတီဦးဝင်းတင် – စာ – ၂၄၉
ပျော်ပျော်နေတတ်ပြီး စာ၊ ကဗျာကို မြတ်နိုးသူ၊ မိသားစုအပေါ် သံယောဇဉ်ကြီးသူ ဒေါက်တာဇော်မြင့် မောင်သည် ယုံကြည်ချက်နှင့် ပတ်သက်လျှင် တင်းမာပြတ်သားသူတစ်ဦး ဖြစ်ခဲ့ပါသည်။
သားတစ်ယောက်၊ ခင်ပွန်းတစ်ယောက်
၁၉၉၇ တွင် ဒေါက်တာဇော်မြင့်မောင် အင်းစိန်ထောင်ကနေ မြစ်ကြီးနားထောင်သို့ ရွှေ့ပြောင်းခံခဲ့ရသည်။ မြစ်ကြီးနားထောင်သို့ရွှေ့စဉ် ကြုံခဲ့ရသည့် ဒေါ်တာဇော်မြင့်မောင်နှင့် ဇနီးဖြစ်သူ ဒေါက်တာယုယုမေတို့၏ ဇာတ်ကြောင်းလေးကလည်း လွမ်းမောစရာကောင်းလှသည်။
ဒေါက်တာဇော်မြင့်မောင် ထောင်ပြောင်းမည့်ကိစ္စရပ်ကို စစ်အစိုးရက မိသားစုအား အသိမပေးခဲ့ပါ။ ထောင် ပြောင်းဖို့အတွက် ဆေးစစ်ပေးသည့်ဆရာဝန်က ဒေါက်တာဇော်မြင့်မောင်၏ဖခင် ဒေါက်တာချစ်မောင်၏ တပည့်အရင်းဖြစ်နေသည့်အတွက် မိသားစုကို အကြောင်းကြားပေးခဲ့သည်။
အင်းစိန်ကနေ မန္တလေးဘူတာကြီးဆီ အချုပ်ကားပြာကြီး ရောက်သည်နှင့် ကားအနီးသို့ ဆိုင်ကယ်တစ်စီးက ဝရုန်းသုန်းကား ရောက်ချလာသည်။ ဆိုင်ကယ်မောင်းလာသူမှာ ဒေါက်တာဇော်မြင့်မောင်၏ ဇနီးဖြစ်သူ ဒေါက်တာယုယုမေ ဖြစ်သည်။ ကားနှင့်ရထား အကူးအပြောင်းဖြစ်သည့် ရသမျှ အချိန်လေးအတွင်း စကား အလုအယက်ပြောရ၊ အမှာစကားတွေပြောရသည်။
ရထားထွက်သွားတော့ ဒေါက်တာယုယုမေက ရထားနောက်သို့ ဆိုင်ကယ်ဖြင့် တောက်လျှောက်လိုက်လာ ခဲ့သည်။ ရွာတောင်ဘူတာ၌ ရထားခဏစိုက်ချိန် ဒေါက်တာဇော်မြင့်မောင်ကို နှုတ်ဆက်ပြန်သည်။ တစ် ယောက်လက်တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း စကားပြောသည်။ ရထားထွက်သည်အ ထိ အဲဒီအတိုင်းကိုင်ရင်း ဒေါက်တာယုယုမေမှာ ရထားနှင့်ယှဉ်လျက် ပြေးလိုက်နေသောကြောင့် လွှတ်လိုက် တော့ဟု အော်ဟစ်သတိပေးတော့မှ လက်များ ပြေလျော့သွားခဲ့ရသည်။
ထိုအဖြစ်အပျက်ကို ဒေါက်တာဇော်မြင့်မောင်နှင့် အတူ ထောင်ပြောင်းရွှေ့ခံရသူ ဦးခိုင်ကိုဦး (ဆစ်ဒနီ) က သူ၏လူမှုကွန်ယက်တွင် မျှဝေလာခဲ့သည်။
ဒေါက်တောဇော်မြင့်မောင်သည် မြစ်ကြီးနားထောင်တွင် ၁၉၉၇ ကနေ ၂၀၀၉ ခုနှစ်အထိ ၁၂ နှစ်ကြာအောင် ဆက်လက် အကျဉ်းကျခံခဲ့ရသည်။ အဲဒီ ၁၂ နှစ်တာကာလအတွင်း ဖခင်ဖြစ်သူ ပါမောက္ခ ဒေါက်တာချစ် မောင်က နှစ်လတစ်ကြိမ် မပျက်မကွက် ထောင်ဝင်စာ တွေ့ခဲ့သည်။
ဒေါက်တာဦးချစ်မောင်က နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်။ မန္တလေး ဆေးတက္ကသိုလ်ပါမောက္ခဖြစ်ပြီး မြန်မာ နိုင်ငံ၏ ဒုတိယမြောက် ဇီဝဓာတုဗေဒ ပါရဂူဘွဲ့ရတစ်ဦး ဖြစ်သည်။ မိခင်နှင့် သန္ဓေသား၏ သွေးထဲက အင် ဇိုင်းသုတေသန၊ ပင်နီဆလင်ဒြပ်ပေါင်းများအကြောင်း သုတေသန စသည့် စာတမ်းများ ပြုစုခဲ့သူ ဖြစ်သည်။
သားဖြစ်သူ နိုင်ငံရေးအကျဉ်းသားဖြစ်သွားသည့်အတွက် စစ်တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် သင်ကြား နေရာမှ တာဝန်ရပ်ဆိုင်းခံခဲ့ရသည် ။ မန္တလေးဘီယာစက်ရုံတွင် အကြီးတန်းအင်ဂျင်နီယာဖြစ်နေသည့် ဒေါက်တာဇော်မြင့်မောင်၏ အစ်မဖြစ်သူလည်း အလုပ်ကနေ ရပ်ဆိုင်းခံခဲ့ရသည်။
သို့ရာတွင် နိုင်ငံရေးသမားတစ်ယောက်ကို မွေးထုတ်ခဲ့သည့် ဖခင်ဖြစ်သည်မို့ ကြုံလာသမျှကို မတုန်လှုပ်ဘဲ ထောင်ဝင်စာကို မပျက်မကွက် သွားတွေ့မြဲပင် ဖြစ်ခဲ့သည်။ ၁၂ နှစ်တာ ကာလပတ်လုံး နှစ်လတစ်ကြိမ် မပျက်မကွက် သွားရောက်တွေ့ဆုံခဲ့သည့်အတွက် ထောင်ဝမ်းထန်းများနှင့်ပါ ရင်းနှီးလာခဲ့သသည်။ ဒီအကြောင်းတွေကို ဒေါက်တာချစ်မောင်ကိုယ်တိုင် “နဝတခေတ်ကာလ ကျုပ်ဘဝ” ဆိုပြီး ဆောင်းပါး ရေးသားခဲ့ဖူးသည်။
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် ဒေါက်တာဇော်မြင့်မောင် မြစ်ကြီးနားထောင်ကနေ လွတ်မြောက်လာခဲ့သည်။ နိုင်ငံရေးလောကထဲ၌ပင် ဆက်လက်ရပ်တည်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် NLD မှတ်ပုံတင်ရေး မတင်ရေးနှင့် ပတ်သက်၍ ဟံသာဝတီ ဦးဝင်းတင် တို့နှင့်အတူ မှတ်ပုံမတင်ရေးဘက်က ရပ်တည်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။
ရွေးကောက်ပွဲအပြီး ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ် မြောက်ခဲ့သည်။ ၂၀၁၁ တွင် အရပ်သားအစိုးရ အမည်ခံကာ ဦးသိန်းစိန် အစိုးရတက်လာသည်။ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ သဘောထားအတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကိုယ်စားပြု ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD က သောင်ပြိုကမ်းပြို နိုင်ခဲ့ပြီး အမရပူရမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာဇော်မြင့်မောင် လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဖြစ်လာသည်။
သားဖြစ်သူကို ပုံမှန်ထောင်ဝင်စာတွေ့ဖို့ မလိုတော့သည့် ဒေါက်တာဦးချစ်မောင်က သူ၏ နေ့ရက်များကို ယခုလို ရေးသားခဲ့သည်။
“ကျုပ်က မန္တလေးသတင်းစာအတွက် အပတ်စဉ်တနင်္ဂနွေမှာ ဆောင်းပါးရေးတယ်။ ကျုပ်စာဖတ်တယ်။ ကီးဘုတ်တီး တယ်။ တရားထိုင်တယ်။ ပုတီးစိပ်တယ်။ နေ့စဉ်နံနက်တိုင်း တစ်ပတ်ငါးရက် မရွေ့ရှား စက်ဘီးစီးတယ်။ မာမီနွဲ့က အာဟာရပြည့်ဝတဲ့ အစားအစာတွေမထပ်အောင် ချက်ကျွေးတယ်။ ကျုပ်က အလွန်ကံကောင်းတယ်။ စင်ကာပူမှ မှတ်ပုံတင်သူနာပြု စာမေးပွဲအောင်ထားတဲ့ (S.R.N) သူနာပြုအုပ် မာမီနွဲ့ရဲ့ သူနာပြုစောင့်ရှောက် ခြင်းကို အနီးကပ်အမြဲပဲရရှိနေလို့ ကျန်းမာရေးလည်း သင့်တင့်မျှတတယ်။ ဟိုဟိုဒီဒီသွားချင်ရင် မာမီနွဲ့ကပဲ ကားမောင်းပို့တယ်။ ကဲ ဘာလိုသေးလဲ။ နဝတခေတ်ကာလ ကျုပ်ဘဝ ဒီတွင် နိဂုံးချုပ်ပါရစေခင်ဗျာ။”
သို့သော် ဒေါက်တာဦးချစ်မောင် ထောင်ဝင်စာတွေ့ရသည့်ဖခင်ဘဝကနေ နိဂုံးမချုပ်ခဲ့ပါ။
အိုးဘိုထောင် နှင့် ကင်ဆာ လောကဓံ
ဒေါက်တာဇော်မြင့်မောင် လွတ်လပ်သော နိုင်ငံရေးသမားဘဝအဖြစ် နေထိုင်ခွင့်ရခဲ့သည်က ၁၂ နှစ်သာကြာ ခဲ့သည်။ အဲဒီ ၁၂ နှစ်တာ ကာလအတွင်း မန္တလေးမြို့ကို smart city အဖြစ် ပြောင်းလဲပေးခဲ့ပြီး မြေယာ ပြ ဿနာများအပါအဝင် အလုပ်တွေအများကြီး လုပ်ခဲ့သည်။ ကောလဟလများ ရှိခဲ့သည်။ အငြင်းပွားဖွယ်ရာ စကားများလည်း ရှိခဲ့သည်။ သို့သော် ဒေါက်တာဇော်မြင့်မောင်သည် ပြည်သူချစ်သော နိုင်ငံရေးသမားတစ် ယောက်ဆိုတာ ငြင်းမရခဲ့ပေ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်သောနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နည်းတူ ဒေါက်တာဇော်မြင့်မောင်လည်း အထိန်းသိမ်းခံရပြီး ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခံခဲ့ရသည်။ ထို့နောက် မန္တလေး အိုးဘိုထောင်သို့ ပို့ဆောင်ခဲ့ပြီး ပုဒ်မမျိုးစုံဖြင့် တရားစွဲကာ ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံခဲ့ရသည်။
ဒီတစ်ခေါက် ထောင်သွင်းအကျဉ်းချခံရမှုတွင် ဒေါက်တာဇော်မြင့်မောင် တစ်ဦးတည်း မဟုတ်တော့ပေ။ သူနှင့်အတူ သွေးကင်ဆာဆိုသည့် ရောဂါ အတူပါလာခဲ့သည်။ အရွယ်အားဖြင့် အသက် ၇၀ ထဲသို့ ရောက်လာခဲ့ချိန် ဖြစ်သည်။
သွေးကင်ဆာရောဂါသည် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေဆဲဖြစ်သည့် ၂၀၁၉ ကတည်းက ဖြစ်ပွားခဲ့ပြီး ဆေးကုသမှုခံယူနေရဆဲ အခြေအနေဖြစ်သည်။ သူ၏ ကင်ဆာရောဂါသည်ဘဝကို အညာသား ဆိုသည့် ကလောင်အမည်ဖြင့် “ကိုယ့်ဘဝ ကိုယ်ပြင်၊ ရင်ဆိုင် ရုန်းကန်” ဆိုသည့် ဆောင်းပါး သူကိုယ်တိုင် ရေးသားခဲ့သည်။
ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း ထောင်ထဲတွင် နှစ် ( ၂၀ ) နီးပါး နေထိုင်ခဲ့ရသူ၊ ဆိုးရွားလှသည့် စစ်ခွေး တိုက်ထဲ၌ နေထိုင်ခဲ့ဖူးတာကြောင့် ကင်ဆာကုသဖို့ သီးသန့်ခန်း၌ တစ်လလောက် နေထိုင်ရခြင်းအပေါ် အလွယ်တကူ ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် လက်တွေ့တွင် ခက်ခဲလှသည်ဟု ဆောင်းပါးထဲ၌ ဖော်ပြခဲ့သည်။
“စိတ်ဓာတ် မကျိုးပဲ့စေနဲ့။ ကျန်းမာရေး မကျိုးပဲ့စေနဲ့။ စုဖွဲ့မှု မကျိုးပဲ့စေနဲ့” ဆိုသည့် ဟံသာဝတီ ဦးဝင်း တင်၏ အမှာစကားတိုင်း နေထိုင်ကျင့်ကြံခဲ့သော်လည်း ဒီတစ်ကြိမ်တွင် ကျန်းမာရေးက ကျိုးပဲ့သွားခဲ့သည်။
သို့ရာတွင် စိတ်ဓာတ်ရေးရာတွင် မာကြောလျှက်ရှိနေဆဲဖြစ်သည်။ နွေဦးတော်လှန်ရေးတွင် လူငယ်များ ဦး ဆောင်ပါဝင်လာမှုကို လေးစားခဲ့သည်။ ထောင်ထဲရောက်လာသူ လူငယ်နိုင်ငံရေးအကျဉ်းသားများကို အထူး ဂရုစိုက်စောင့်ရှောက်ပေးခဲ့သည်။ ထောင်ဝင်စာတွေ့သူများကနေတဆင့် အပြင်က နိုင်ငံရေးအခြေအနေ သတင်းများကို အမြဲနားစွင့်နေခဲ့သည်။ လူငယ်များပါဝင်လာမှုကြောင့် တော်လှန်ရေးသည် သေချာပေါက် အောင်မြင်မည်ဟု ယုံကြည်ခဲ့သည်။
ထောင်ထဲတွင် ကင်ဆာရောဂါကို ကုသပေးမည့် ဆရာဝန်များ မရှိသဖြင့် ကျန်းမာရေး ဆိုးရွားလာခဲ့သည်။ ကင်ဆာအပြင် ကိုဗစ်ရောဂါ ဖြစ်ခဲ့သည်။ ဘယ်ဘက်မျက်စိ အတွင်းတိမ်စွဲ၍ ခွဲစိတ်ခဲ့ရသည်။
စိတ်ဓာတ်ရေးရာ တင်းမာခိုင်ကြည်နေပါသော်လည်း ရောဂါ၏နှိပ်စက်မှုကို ကိုယ်ခန္ဓာက ခံနိုင်ရည်မရှိတော့ ကြောင်း ပြသလာခဲ့သည်။ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းကလည်း ဝေဒနာကို ပိုမို ဆိုးရွားလာစေခဲ့သည်။
“သားကြီးမှာ ဘာအပြစ်များရှိလို့လဲ သားကြီးရယ်၊ သားကြီးထောင်ထဲနေတုန်းက ဖေဖေ နှစ်လတစ်ခါ သား ကြီးလာတွေ့ရတာမှ အမောမပြေသေးပါဘူး သားရယ်၊ ခုတော့ ဖေဖေ အသက်က ၉၃ ဆိုတော့ မရဏ ဘက်နီးနေပါပြီ သားရယ်၊ စစ်တပ်ခေါင်းဆောင်တွေ ရက်စက်လွန်းတယ်။ ဖေဖေက အသက်ကြီးတော့ သားသမီးတွေကို တွေ့ချင်တယ်သား” ဟု ဒေါက်တာချစ်မောင် ရေးထားသောစာနှင့် ရုံးချိန်းရှေ့တွင် စောင့်ဆိုင်းနေသော ဒေါက်တာချစ်မောင်၏ပုံက လူမှုကွန်ယက်တွင် ပျံ့နှံ့လာခဲ့သည်။ ပြည်သူများလည်း မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲခဲ့ရသည်။
ဒေါက်တာချစ်မောင်သည် သူချစ်ရသောသားဖြစ်သူကို မတွေ့သွားခဲ့ရရှာပေ။ ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
သားဖြစ်သူ ဒေါက်တာဇော်မြင့်မောင်လည်း သူမြင်ချင်တွေ့ချင်လှသော အနာဂတ်နိုင်ငံတော်သစ်ကို မမြင် တွေ့ခဲ့ရပါ။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက် အသက် ၇၃ နှစ် အရွယ်တွင် ကင်ဆာရောဂါ ပြင်းထန်စွာ ခံစားခဲ့ရပြီး ကွယ်လွန်သွားခဲ့ရသည်။ ဝမ်းနည်းကြေကွဲဖွယ်ရာအနေဖြင့် ကွယ်လွန်ချိန်တွင် မိသားစုဝင်များ အနား၌ တစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပေ။ မိသားစုဝင်များသည် လုံခြုံရေးအခြေအနေများကြောင့် ကိုယ်စီ အဝေးတွင်ရောက်နေကြရသည်။
ဘဝတလျှောက်လုံး ကိုယ်ပိုင်ဘဝကို ခြိုးခြံပြီး နိုင်ငံအတွက် စွန့်ခဲ့သူတစ်ဦး၏ နောက်ဆုံးထွက်သက်သည် နိုင်ငံအတွက်ပဲ ဖြစ်လာခဲ့သည်။ သမိုင်း သွေးနံ့ချွေးနံ့ ပြန်ရှူကြသည့်အခါ ဒေါက်တာဇော်မြင့်မောင်၏ ကိုယ်ကျင့်တရားအနံ့ကို ပြန်ရပါလိမ့်မည်ဆိုတာ အသေအချာပင် ဖြစ်သည်။