By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရရဲဘော်များကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၀ ရက်တွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာ ၁၅ရက်) သတင်း ထုတ်ပြန်သည်။
“ကျတော်တို့မြေပြင်ထိ ဝန်ကြီးကိုယ်တိုင်လာပြီး ခွန်အားဖြစ်စေမဲ့အားပေးစကားတွေပြောတယ်။ ကျတော်တို့တတွေမှာ ဝန်ကြီးနဲ့ကျတော်တို့ကြားမှာ အပြန်အလှန်လေးစားမှု၊နွေးထွေးမှုရှိတယ်။ စစ်ကောင်စီမှာကျ ဒါမျိုးတွေမရှိဘူး။ကျတော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နွေးထွေးကြင် နာမှုတွေရရှိတယ်။ကျတော်တို့ ကြိုးစားပမ်းစားတိုက်ထားတဲ့ ကျတော်တို့ရဲ့ ကြိုးစားမှုကို အသိအ မှတ် ပြုပေးတာဟာ ရှေ့ဆက်သွားမယ့် လမ်းခရီးအတွက် အားဖြစ်စေပါ တယ်” ဟု ပင်လယ်ဘူးမြို့ သိမ်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ဗျူဟာ၄၂ ယာယီစစ်ကြောင်းမှူး ကပြောသည်။
ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် သိမ်းပိုက်ရရှိထားသည့် ပင်လည်ဘူးမြို့ကို ဝင်ရောက်စစ်ဆေးခြင်းအပြင် လက်နက်ချအညံ့ခံ ပူးပေါင်းလာသည့် စစ်သုံ့ပန်းများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
“ကျတော်တို့ မြေပြင်မှာတော့ အထက်နဲ့အောက် အပြန်အလှန်ယုံကြည်မှု ရကြပါတယ်။ ပသုံးလုံး(ပကဖ၊ပအဖ၊ပလဖ)နဲ့ PDF ဟာ မြေပြင်တိုက်ပွဲတွေမှာ အတူတူပါပဲ။ဒါကြောင့်မို့လည်း ကျနော်တို့ တိုက်ပွဲတွေ အောင်မြင်ခဲ့တာပါ။ အားလုံးညီညီညွညွတ်နဲ့ အာဏာရှင်စနစ် ပျက်သုဥ်းတဲ့အထိ အတူတကွ လျှောက်လှမ်းကြမယ်လို့ ဆုံးဖြတ်ထားတာပါ” ဟု ၎င်းကဆက် လက်ပြောသည်။
ပင်လည်ဘူးမြို့ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သြဂုတ် ၁၅ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၈ ရက်၌ သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်သေဆုံးကာ ၂၇၅ ဦးပျောက်ဆုံး၍ ၂၂၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊အလင်းဝင်ရောက်လာသူ ၄၈ ဦးရှိပြီး စစ်သုံ့ပန်း ၁၂၀ နှင့်လက်နက်ခဲ ယမ်းများလည်း သိမ်းဆည်းရမိကြောင်းသိရသည်။







