By Sayar Ngaat / MPA
စစ်ကောင်စီက အရပ်ဘက်အဖွဲ့အစည်းများကို ရန်သူလို သဘောထားနေခြင်းကြောင့် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲရှိနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်း ရေကြီး ရေလျှံမှု ကြုံတွေ့ခဲ့ရသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများကို စစ်ကောင်စီက ကူညီမှုများ လုပ်ဆောင်ပေး သင့်သော်လည်း ကန့်သတ်မှုများဆောင်ရွက်နေသည့်အတွက် စိန်ခေါ်မှုဖြစ်နေကြောင်း ရေဘေးသင့်ပြည်သူများကို ကူညီနေသူများက ပြောသည်။
“ ရေဘေးသင့်တဲ့ နေရာတွေမှာ သုတေသနလုပ်တာ၊အကာအကွယ်လုပ်တာ၊ ပြန်လည်ကုစားမယ်ဆိုတာမကြားရသေးဘူး။ ဒါတွေကို အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် ပရဟိတကူညီတာနဲ့မရဘဲ အစိုးရအဆင့်နဲ့ နိုင်ငံတကာ အေဂျင်စီနဲ့ပါ နည်းပညာတွေ အများကြီး ပူးပေါင်းပြီး ဆောင်ရွက်ရမှာ၊ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေက စစ်တပ်ဘက်က ခွင့်မပြုရင် မလုပ်နိုင်တဲ့အခြေအနေဖြစ်တယ်။ စစ်ကောင်စီဘက်က အဖွဲ့အစည်းတော်တော်များများကို ရန်သူလိုသဘောထားနေတော့ ပြန်လည်ထူထောင်ရေးမှာ လက်တွေ့ကျတဲ့ ကောင်းကောင်းမွန်မွန်လုပ်နိုင်ဖို့က စိန်ခေါ်မှုတွေရှိနေတယ်” ဟု ရှမ်းပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့် အသက်၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါနေရာများတွင် ရွှံ့များ၊ နုန်းများကို သန့်ရှင်းရေးများ ပြုလုပ်ပြီး နေအိမ်များ ပြန်လည် တည်ဆောက်ခြင်းများ ပြုလုပ်နေကြသော်လည်း မိုးများပါက ရေများပြန်လည်ဝင်ရောက်နိုင်သည့် နေရာများ ဖြစ်သည့်အတွက် စိုးရိမ်နေရကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားမှုများ မရှိသည့်အပြင် ရေကြီးရေလျှံမှုကြောင့် သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံး စာရင်းများ ကွဲလွဲမှုများရှိနေခြင်းက ရေဘေးသင့်ပြည်သူများအတွက် နစ်နာမှုများစွာ ဖြစ်စေကြောင်း လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။
“ ရေဘေးကြောင့် လူဘယ်နှစ်ယောက်ပဲ သေတယ်ဆိုပြီး သူတို့(စစ်ကောင်စီ) ထုတ်လိုက်တယ်။ တကယ့်မြေပြင်မှာဆို ဘယ်ကမလဲ၊ ကျတော်တို့က ပရဟိတအဖွဲ့ချင်း ချိတ်ပြီး မေးလို့ရတယ်။ ဒါတွေက ပြန်လည်ထူထောင်ရေးအတွက် ပြည်သူတွေကို အများကြီး နစ်နာစေတယ်” ဟု လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများအနက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင်လည်း ရွာပေါင်း ၄၄၅ ရွာရှိသည့်အနက် ကျေးရွာ ၁၇၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး လက်ရှိတွင် ပြန်လည် ထူထောင်ရေးအတွက် လိုအပ်ချက်များ ရှိနေကြောင်း အရုဏ်ဦး -AYOCအဖွဲ့ထံမှ သိရသည်။
“ ပြန်လည်ထူထောင်ရေးအတွက် အဓိကလိုအပ်နေတာကတော့ ငွေကြေးပါပဲ၊ ပြန်လှူနိုင်ဖို့အတွက် ကျတော်တို့ အလှူခံနေရတယ်။ ပထမဦးစားပေးအနေနဲ့ ဝါးအိမ်တွေပေါ့၊ ဝါးအိမ်တွေက ရေစီးနဲ့မျောပါပြီ အကုန်လုံးပျက်စီးကုန်တာတွေရှိတဲ့အတွက် စီစဉ်နေပါတယ်” ဟု အရုဏ်ဦးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ အင်းလေးဒေသတွင် ခြေတံရှည် ဝါးအိမ်တစ်လုံး ဆောက်လုပ်ရာတွင် ကာလတန်ဖိုးအားဖြင့် ငွေကျပ် သိန်း ၂၀ ဝန်းကျင်ကုန်ကျမှုရှိကြောင်း ၎င်းက ဆက်ပြောသည်။
စက်တင်ဘာ ဒုတိယပတ်မှ စတင်ကာ တိုင်ဖုန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြား မိုးအဆက် မပြတ် ရွာသွန်းခဲ့ပြီး နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်း စသည့် ဒေသများရှိ မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကာ၊ ပြည်သူ ၄၁၉ ဦး သေဆုံးခဲ့ပြီး လူဦးရေ တစ်သိန်းလေးသောင်းကျော်ရေဘေးသင့်ခဲ့ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် တိုင်ဖုန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးဧက ကိုးသိန်းနီးပါး ပျက်စီးခဲ့ပြီး အိမ်မွေး တိရစ္ဆာန် ၁၂၈၃၄၄ ကောင် သေဆုံးခဲ့ကြောင်း စစ်ကောင်စီ စာရင်းများအရ သိရသည်။
ထိုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် ပံ့ပိုးပေးသွားမည်ဖြစ်ကာ၊ နွေသီးနှံများကို အပြည့်ပြန်လည်စိုက်ပျိုးပြီး မိုးရာသီတွင် ပျက်စီးသွားသည့်သီးနှံများကို ဖြည့်စွက်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ရမည်ဟု စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်တင်ဘာ ၁၈ရက်တွင် ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများအနက် ၂၀၁၅ခုနှစ်၊ ဇူလိုင်လတွင် ဖြစ်ခဲ့သည့် ရေကြီးရေလျှံမှုသည် အဆိုးဝါးဆုံးဖြစ်ပြီး ပြည်နယ်နှင့်တိုင်း ၁၄ခုအနက် ၁၂ခုအထိ ရေကြီးရေလျှံမှုကို ရင်ဆိုင်ခဲ့သော်လည်း ရေဘေးကြောင့် သေဆုံးမှုသည် တစ်ရာကျော်သာရှိခဲ့သည်။
ယခုကြုံတွေ့ခဲ့ရသည့်ရေဘေးသည် ၂၀၀၈ခုနှစ်၊ မေ နှစ်ရက်က မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နာဂစ်မုန်တိုင်းပြီးလျှင် လူသေပျောက်မှု အများဆုံး သဘာ၀ဘေးအန္တရာယ်တစ်ခုလည်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ရေကြီးရေလျှံမှုသည် မိုးတွင်းကာလဖြစ်သည့် ဇွန်လမှ အောက်တိုဘာလအတွင်း ဖြစ်ပွားလေ့ရှိပြီး ဇူလိုင်လနှင့် ဩဂုတ်လတွင် အဖြစ်များသော်လည်း ယခုနောက်ပိုင်း စက်တင်ဘာလ၌ပါ ဆိုးဆိုးရွားရွားဖြစ်ပေါ်လျက်ရှိနေသည်။




