By Zwe Ko / MPA
ခေတ်အဆက်ဆက် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် နှစ်စဉ် ရေကြီးရေလျှံမှုကြုံတွေ့နေရခြင်းဖြစ်ကြောင်း သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။
မြန်မာနိုင်ငံ၌ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့်ပတ်သက်ပြီး လုပ်ဆောင်နေသည်ဟု အစိုးရအဆက်ဆက်က ပြောကြားမှုများရှိသော်လည်း ကမ္ဘာ့စံချိန်စံညွှန်းပြသနိုင်ရန် မြေပုံပေါ်တွင်သာ သစ်တောဧရိယာ သတ်မှတ်သော်လည်း လက်တွေ့တွင် သစ်တောဧရိယာများကို အကွက်ရိုက်ကာ အိမ်ရာစီမံကိန်းများ လုပ်ဆောင်နေကြောင်း သဘာ၀ပတ်ဝန်း ထိန်းသိမ်းရေး လုပ်ဆောင်နေသူ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ ရေကြီးရေလျှံတာက အပင်တွေမရှိတော့လို့ဆိုတာ လူတိုင်းသိပြီးသား၊ ဒါပေမဲ့ ဒီမှာရှိနေတဲ့အပင်တွေနဲ့ သဘာ၀ပတ်ဝန်းကျင် ဒီလောက်ထိခိုက်လာလဲဆိုရင် အာဏာမသိမ်းခင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်တွေနဲ့ သဟဇာတဖြစ်ရေးလုပ်ဆောင်မှုတော်တော်အားနည်းတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုဆိုးသွားတယ်။ အာဏာမသိမ်းခင်ကကော ၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း မြို့ပြတွေမှာ အခြေခံအဆောက်အအုံကိစ္စတွေ၊ ကိုယ့်အစိုးရလက်ထက် ဘယ်လောက်လုပ်နိုင်တယ်ဆိုတာပြဖို့ လမ်းတွေအဆင့်မြှင့်တင်တာ၊ နောက်တစ်ခုက လူနေမှုထူထပ်လာပြီး အိမ်ကွက်တွေလုပ်ရောင်းတဲ့နေရာမှာ သစ်တောတွေခုတ်ပြီး မြေကွက်တွေရိုက်ရောင်းတာတွေက လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေနဲ့ ဆက်စပ်နေတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက် သာယာ၀တီခရိုင်၊ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှု ပိုမိုများပြားလာကာ သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်တပ်အာဏာမသိမ်းမီက ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုများ ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာကြောင်း သာယာဝတိခရိုင်တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ -၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အောင်ဇျေယျက ပြောသည်။
“သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ကိုယ်တိုင် ခိုးထုတ်နေတာ၊ အခြားသစ်ကုန်သည်တွေကိုလည်း လိုင်းကြေးတောင်းပြီး ခွင့်ပြုပေးထားတာ၊ အဲဒီတော့ ရိုးမထဲလည်းတော်တော် အခြေနေဆိုးဆိုးဖြစ်သွားတယ်။ နွေဘက်ဆိုတောင်ကတုံးတွေကြီးပဲ၊ ကျတော်တို့ အဖွဲ့တွေလည်း အဲဒီအချိန်က ရိုးမထဲ မစိုးမိုးနိုင်တော့ လုပ်ချင်တိုင်းလုပ်နေတာ ”ဟု ရဲဘော်အောင်ဇျေယျက ပြောသည်။
၂၀၂၄ခုနှစ်မှစတင်ကာ ပဲခူးရိုးမကို တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးပြီးနောက် စစ်ကောင်စီဂိတ်များမရှိတော့ဘဲ သစ်မှောင်ခိုထုတ်ယူသူများကို ဖမ်းဆီးခြင်းနှင့် သတိပေးခြင်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် သစ်ခိုးထုတ်မှု လျော့နည်းလာကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ ကျွန်းသစ်နုတွေ ခိုးထုတ်တဲ့သူတွေတွေ့ရင် ပစ္စည်းတွေသိမ်းပြီး လူတွေကိုတော့ သတိပေးပြန်လွှတ်လိုက်တယ်။ အခုထိလည်း ခိုးထုတ်နေတဲ့သူတွေတော့ရှိသေးတယ်။ သစ်ကြီးခိုးထုတ်တဲ့သူတွေကိုတော့ စီးပွားရေးအဆင်မပြေလို့ လုပ်ရတာဆိုပြီး လွှတ်ပေးလိုက်ရတာတွေရှိတယ်။ ကျတော်တို့ကတော့ လိုင်းကြေးတောင်းပြီး ခိုးထုတ်ခိုင်းတာ မရှိပါဘူး။ အခု သစ်ထုတ်ခွင့်ကို လုံး၀ ပိတ်ဖို့ စီစဉ်ထားပါတယ် ” ဟု ရဲဘော်အောင်ဇျေယျက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးရိုးမအတွင်း တရားမဝင် သစ်ခိုးထုတ်မှုသည် နေ့စဉ် တန်ချိန် ၂၀၀ထက်မနည်းရှိကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ သစ်ခိုးထုတ်ခဲ့ဖူးသူတစ်ဦးက ဆိုသည်။
“၂၀၂၁၊ ၂၀၂၂ လောက်ကဆို တစ်ည၊ တစ်ည ရိုးမထဲ ဆင်းလာတဲ့ သစ်ကားတွေက အစီး ၅၀၊ ၆၀မကရှိတာကို၊ ဘယ်သူမှလဲမပြောရဲကြဘူးလေ၊ တိုင်မဲ့သူလည်းမရှိဘူး။ လုပ်ချင်တိုင်းလုပ်လို့ရနေတာ၊ ဆိုင်ကယ်သမားတွေကလည်းအများကြီး၊ နောက် ရိုးမထဲ PDF တွေရောက်လာပြီး တိုက်ပွဲတွေဘာတွေဖြစ်မှ မသွားရဲကြတော့တာ ၊သွားတဲ့သူတွေတော့ရှိသေးတာပေါ့၊ နည်းတာက တော်တော်နည်းသွားတယ်”ဟု ၎င်းက ပြောသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ခန့်က ပဲခူးရိုးမသည် သစ်ကြီး၊ ဝါးကြီးများ အလွန်ပေါများပြီး မိုးသည်းထန်စွာရွာသွန်းသော်လည်း ပဲခူးတိုင်းတွင် ရေကြီးရေလျှံမှု နည်းပါးခဲ့သည့်အပြင် စိုက်ပျိုးရေးလုပ်ငန်းလည်း အဆင်ပြေကြောင်း မင်းလှမြို့နယ်မှ အသက် ၇၀ကျော် အမျိုးသားတစ်ဦးက ပြောသည်။
“ အခုတော့ သစ်တောတွေပြုန်းတီးလာတော့ ဘယ်လိုလုပ်ရာသီဥတုကလည်းမှန်တော့မလဲ၊ ဥတုရာသီတောကိုမှီတဲ့၊ အခုက မိုးကလည်း ရွာရင် အရမ်းရွာ၊ နေပူပြီဆိုရင်လည်း ကျောကိုကော့လို့ ၊ မိုးခေါင်တဲ့နှစ်တွေဆိုလည်း မျှော်လိုက်ရတာ၊ အခု နှစ်နှစ် သုံးနှစ် ပိုဆိုးလာတယ်။ ရေတွေကြီးတာလည်း ခဏခဏပဲ၊ စိုက်ပျိုးရေးလုပ်ရတာ ရာသီဥတုမီ လုပ်ရတာ၊ အဲ့ဒီတော့ ဘယ်လိုလုပ်အဆင်ပြေတော့မလဲ ” ဟု ၎င်းက ပြောသည်။
ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုအများဆုံးပြုလုပ်နေသည့် စစ်ကောင်စီ၏ ခါချဉ်တောင်သစ်ထုတ်လုပ်ရေးစခန်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာ ကိုးရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ်မှ စတင်ကာ ၂၀၂၄ခုနှစ်အတွင်း သာယာ၀တီခရိုင်၌ ရေကြီးခြင်း၊ မိုးခေါင်းခြင်းများ ကြုံတွေ့ရပြီး သီးနှံစိုက်ခင်းများ မကြာခဏ ပျက်စီးနေကြောင်း တောင်သူများက ဆိုသည်။