By Garcia Ni / MPA
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ရွာနှစ်ရွာ ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲချခဲ့ရာ ပြည်သူငါးဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၁၄ရက်)၊မွန်းလွဲ သုံးနာရီခန့်တွင်ဂန့်ဂေါမြောက်ပိုင်းရှိ လာပို့ရွာနှင့် ဘော်ပြင်း ရွာတို့ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးစီ ကြဲချခဲ့ရာ လာပို့ရွာနေ မောင်နှမနှစ်ဦးနှင့် အခြားအမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပြီး ဘော်ပြင်းရွာသား နှစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။
လာပို့ရွာ ဗုံးကြဲခံရခြင်းနှင့်ပတ်သက်ပြီး ရွာခံအမျိုးသားတစ်ဦးက “သုံးယောက်ထိတယ်။ အခုဆေးခန်းပို့ထားတာ။ ကျန်တာတွေတော့မသိရသေးဘူး။ မောင်နှမနှစ်ယောက်ထိတာက ဒဏ်ရာအတော်ပြင်းတယ်။ အိမ်ပေါ်တည့်တည့်ကျတာဆိုတော့”ဟု MPAသို့ ပြောသည်။
လာပို့ရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် မိနစ်၂၀ခန့်အကြာတွင် အဆိုပါဂျက်ဖိုက်တာသည် မြောက်အရပ်သို့ဆက်လက်ပျံသန်းသွားပြီး ဘော်ပြင်းကျေးရွာသို့ ဗုံးသီးနှစ်လုံးကြဲချခဲ့ကြောင်း သိရသည်။
“လောလောဆယ်နှစ်ယောက်ထိတယ်။ အဲ့ဒါပဲ သိရသေးတယ်။ အဲ့ဒါကတော့ ကားတွေနဲ့တင်သွားတာတွေ့လိုက်တာကိုး။ အခြေအနေကဘယ်လိုလဲမသိရသေးဘူး။ ငါတို့လည်းပြေးနေရတာ”ဟု ဘော်ပြင်းရွာခံအမျိုးသားတစ်ဦးကပြောသည်။
အောက်တိုဘာ၅ရက်ကလည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ရေရှင်မရွာအနီးကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာ နွားကျောင်းနေသည့်အမျိုးသားတစ်ဦး ဗုံးထိမှန်သေဆုံးခဲ့သည်။