By Sayar Ngaat / MPA
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူများက ခန့်မှန်းထားသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၀ရက်မှ ၂၄ရက်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ကာ မြန်မာ့ကမ်းရိုးတန်းအနီးမှ ရွေ့လျားနိုင်သည်ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“ ၁၄ရက်နေ့မှာ ဖြစ်မဲ့လေဖိအားနည်းရပ်ဝန်းက မြန်မာနိုင်ငံကို သိပ်ပြီး သက်ရောက်မှုမရှိဘူး။ အောက်တိုဘာလ ၂၀ ရက်ကနေ အောက်တိုဘာ ၂၄ရက်အတွင်း လေဖိအားနည်းရပ်ဝန်းကတော့ အားပိုကောင်းနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပြီး၊ မြန်မာ့ကမ်းရိုးတန်းနဲ့လဲ ပိုနီးတာတွေ့ရပါတယ်” ဟု ဦးဝင်းနိုင်က ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ မွန်-တနင်္သာရီကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်သည့် အခြေအနေများရှိနိုင်ကြောင်း ဦးဝင်းနိုင်က ဆက်လက် ဖော်ပြထားသည်။
ထို့ပြင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ အောက်တိုဘာ ၁၃ရက် မွန်းလွဲ နှစ်နာရီခွဲခန့်မှန်းချက်တွင် အောက်တိုဘာ ၁၄ရက်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ပြီး အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ တမီးနာဒူးလ်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေသို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာပါက မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့်သည် အနည်းဆုံး လေးပေမှ အများဆုံး ခုနှစ်ပေခန့်ရှိနိုင်ကြောင်း မိုးဇလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ ဒီနေ့ မွန်းလွဲ နှစ်နာရီခွဲလောက်ကတော့ လေတွေတိုက်ပြီး၊ မိုးရွာတာတော့ ရှိတယ်။ မိုးက တော်တော်တော့ ရွာတယ်။ အကြာကြီး မဟုတ်ဘဲ သုံးနာရီခွဲလောက်ကျတော့ ပြန်တိတ်သွားပါတယ်” ဟု ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
အောက်တိုဘာ ၁၁ရက်မှ နိုဝင်ဘာလကုန်သည် မိုးလွန်ကာဖြစ်ပြီး အဆိုပါကာလအတွင်းရွာသွန်းသည် မိုးများသည် ဖျက်မိုးဖြစ်သည့်အတွက် တောင်သူလယ်သမားများအနေဖြင့် သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူများက အသိပေးထားသည်။
“ ဖျက်မိုးကြုံရရင် တော်တော်ဆိုးတယ်။ သီးနှံရိတ်သိမ်းရမဲ့အချိန်မှာ ရွာတော့ အကုန် ပျက်စီးကုန်တာ၊ ဥပမာ စပါးရိတ်ခါနီး မိုးများရင် လယ်ထဲကို ရေတွေဝင်ပြီး ရိတ်မရတော့ဘူး၊ ရေတွေအကုန် စက်နဲ့ ပြန်စုပ်ထုတ်ပြီးမှ ရိတ်ရတယ်။ အပျက်အစီးတွေလည်း ရှိတာပေါ့” ဟု စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
လက်ရှိ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမှ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများမှ ဆုတ်ခွာနေပြီဖြစ်ပြီး ဖျက်မိုးအန္တရယ်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုရ၊ လူသားချင်စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက အောက်တိုဘာ ခုနှစ်ရက်တွင် သတိပေးထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ စိုက်ပျိုးဧက ကိုးသိန်းနီးပါးပျက်စီးခဲ့ပြီး ပြည်သူ ၄၃၆ဦးသေဆုံးကာ ၊ ရေစီးနှင့် မျောပါပျောက်ဆုံးခဲ့သူ ၆၆ဦးရှိကြောင်း စစ်ကောင်စီက အောက်တိုဘာ တစ်ရက်တွင် ထုတ်ပြန်ထားသည်။