By Zwe Ko / MPA
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်မှုထမ်းအပတ်စဉ် ခြောက်အတွက် စစ်ကောင်စီက လူငယ်များကိုပါ ဖမ်းဆီးမှုများအပြင် စိတ်ကျန်းမာရေးမကောင်းသူများကိုပါ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းက အုတ်ဖိုမြို့နယ်ရှိ စိတ်ကျန်းမာရေး မကောင်းသူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး အိုးသည်ကုန်းရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း အုတ်ဖိုမြို့နယ်မှ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ ကောင်လေးက အသက် ၃၀ကျော်လောက်ပဲ ရှိအုန်းမယ်။ စိတ်မနှံ့ဖြစ်နေတာ၊ လူပြတ်တဲ့အချိန်မှာ စစ်သားတွေက ဖမ်းသွားတာ၊ စခန်းရောက်တော့မှ အရူးမှန်းသိလို့ ပြန်လွှတ်လိုက်တာ၊ တစ်ညတော့ စခန်းထဲနေခဲ့ရတယ်။ အရူးမှန်းမသိ လူကောင်းမှန်းမသိ လူလိုနေတော့တွေ့တဲ့သူ အကုန်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း လက်ပံတန်းမြို့နယ်တွင် ပေါ်တာဆွဲမှုများ ပြန်လည်ဖြစ်ပေါ်နေပြီး အောက်တိုဘာ ၁၁ရက်က ခရီးသွားယာဉ်တစ်စီးပေါ်မှ လူငယ်သုံးဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ဖြစ်စဉ်အားသိရှိသူ ၄၅နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကားနောက်လိုက်တဲ့ ကလေးတွေလို့ပြောတယ်။ ခရီးသည်တွေတော့မဟုတ်ဘူး။ အဲ့ဒါ ကားကိုတားပြီး ကားပေါ်က ဆွဲခေါ်သွားတာ၊ ပြန်လွတ်လာတယ်လို့ မကြားသေးဘူး။ စစ်မှုထမ်း အပတ်စဉ်တိုင်း ပေါ်တာဆွဲနေတာ၊ လူပြည့်သွားရင် ခဏနားလိုက် ပြီးရင်ပြန်ဆွဲလိုက်နဲ့” ဟု ၎င်းက ရှင်းပြသည်။
ထိုကဲ့သို့ စစ်ကောင်စီက လမ်းသွား၊ လမ်းလာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းများသည် စစ်မှုထမ်း တစ်ခုထဲမဟုတ် ငွေရရှိရန် ဆောင်ရွက်နေခြင်းများလည်းရှိကြောင်း မင်းလှမြို့နယ်၊ စစ်ကွင်းမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့(စစ်ကောင်စီ)ဖမ်းမိသွားရင် အနည်းဆုံး သိန်း ၅၀လောက်ပေးနိုင်မှ ပြန်လွတ်တာ၊ ပိုက်ဆံရှိတဲ့ သူတွေဆို ၆၀၊ ၇၀ ထိပေးရတယ်။ ပိုက်ဆံမပေးနိုင်တဲ့သူတွေက သင်တန်းတက်ရအောင် ပါသွားတာပေါ့၊ စစ်မှုထမ်းဥပဒေ ပေါ်လာပြီးမှ စစ်တပ်က လူတွေရော၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကော အိမ်ဆောက်တဲ့သူနဲ့ ဆိုင်ကယ်ဝယ်တဲ့သူတွေနဲ့မိန်မတွေလည်း ရွှေနဲ့ငွေနဲ့တော်တော်အဆင်ပြေလာကြတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ဆက်လက်ပြီး အောက်တိုဘာ ၁၁ရက်ကလည်း သာယာ၀တီမြို့နယ်အတွင်း စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရသူများနှင့် ၎င်းတို့သဘောဆန္ဒအရ စစ်တပ်ထဲဝင်ရောက်သူများကို စစ်ကား နှစ်စီးဖြင့် ရန်ကုန်သို့ ပို့ဆောင်ခဲ့ကြောင်း သာယာ၀တီမြို့မှ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ရဲကားက နှစ်စီး ရဲတွေအပြည့်ပဲ၊ စစ်ကား နှစ်စီးပေါ်မှာတော့ တပ်သားအသစ်တွေ ၆၀ လောက် အနည်းဆုံးပဲ၊ အရင်လကလည်း အဲဒီလိုပဲတွေ့တယ်” ဟု အသက် ၄၀အရွယ် အမျိုးသားက ဆိုသည်။
သာယာ၀တီခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်မှုထမ်းအပတ်စဉ်တစ်ခုလျင် အနည်းဆုံး လူ ၄၀ စုဆောင်းပေးရပြီး သတ်မှတ်လူဦးရေမပြည့်ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပေါ်တာဆွဲမှုများကို တွင်ကျယ်စွာ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက်ကလည်း အုတ်ဖိုမြို့နယ်ရှိ လူငယ်မျးကို ပေါ်တာဆွဲရန် လုပ်ဆောင်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တိုက်ခိုက်ခံရပြီး စခန်းမှူးတစ်ဦးအပါအဝင် ရဲသတင်းပေးတစ်ဦးပါ သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။