By Nway / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရရွာအနီးတွင် နွားကျောင်းနေသည့် အသက်၁၅နှစ်ဝန်းကျင်အ ရွယ်ကလေး ၁၀ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။
အောက်တိုဘာ ၁၁ရက်၊ မွန်းလွဲ ၁၂နာရီခွဲကျော်က မတ္တရာမြို့နယ်၊ ဝသုန္ဒရရွာအနီးတွင် ယင်းနွားကျောင်းသား ၁၀ဦး ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယနေ့ ( အောက်တိုဘာ ၁၂ရက် ) ညနေ ငါးနာရီအထိ ပြန်မလွတ်သေးကြောင်း မတ္တရာမြို့နယ် အနောက်ခြမ်းနေ ပြည်သူတစ်ဦးထံက သိရသည်။
“ ဖမ်းပြီးတော့ စစ်ယူနီဖောင်းတွေ ဝတ်ခိုင်းတယ်။ ထီးတော်မိုးတပ်ကို ခေါ်သွားတယ်လို့ကြားတယ်။ ခုထိတော့ ပြန်မလွှတ်ပေးသေးဘူး။ အဖမ်းခံရတဲ့ကလေးတွေက ၁၄၊ ၁၅နှစ်အရွယ်လေးတွေ” ဟု မတ္တရာမြို့နယ် အနောက်ခြမ်းနေ ပြည်သူတစ်ဦးက MPA ကို ပြောသည်။
မတ္တရာမြို့နယ်၊ ထီးတော်မိုးရွာသည် မန္တလေးမြို့နှင့် ၁၂မိုင်ခန့် ကွာဝေးပြီး ယင်းရွာ၌ အမှတ်ငါးလျှပ်စစ် နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း နှင့် အမှတ်နှစ် တပ်သားသစ်စုဆောင်းရေးတပ် (စသခ နှစ်) တို့ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယခုနှစ်ဇူလိုင်မှစတင်ကာ မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်တို့ရှိ ကျေးရွာများထဲ သို့ ဧည့်စာရင်းအကြောင်းပြကာ ဒေသခံလူငယ်အမျိုးသားများအား ဝင်ဖမ်းဆီးပြီး ထီးတော်မိုးရွာ စစ်သားစုဆောင်းရေးတပ်သို့ ပို့ဆောင်လေ့ရှိကြောင်း သိရသည်။
လက်ရှိတွင် မတ္တရာမြို့နယ်၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။