By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်တွင် ကုန်စုံဆိုင်ပိုင်ရှင် မိသားစုဝင်ငါးဦးကို စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်သွားကြောင်း ဘုတလင်တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။
အောက်တိုဘာ ၁၂ ရက်၊ နံနက် ၁၂ နာရီခွဲဝန်းကျင်တွင် ဘုတလင်မြို့၊ဗန္ဓုလကွက်သစ်ရပ်ကွက်၊ဗုဒ္ဓဝင်ပြတိုက်အနီးရှိ ဦးဖိုးကြာ+ဒေါ်သင်း ကုန်စုံဆိုင် မိသားစုအိမ်ထဲသို့ စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ကာ လက်ပြန်ကြိုးတုပ်၍ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကုန်စုံဆိုင်အိမ်ကို စစ်ကောင်စီ ကင်းပုန်းတွေက ဝင်ပြီးသတ်သွားတာ။တစ်မြို့လုံးပြေးနေတာ သူတို့မိသားစုက ကျန်ခဲ့တာ ။ခုနှစ်နှစ်ဝန်းကျင် ကောင်မလေးကို ကိုင်ပေါက်ပြီးသတ်တယ်။ကျန်တဲ့ လေးယောက်ကိုတော့ လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်သွားတယ်။စစ်ကောင်စီထဲမှာ နေတဲ့ ဒလန်က မတည့်လို့ PDF သတင်းပေးလို့မြှောက်ပေးတာလည်းဖြစ်နိုင်တယ်” ဘုတလင်မြို့နယ်အခြေစိုက် တော်လှန်ရေး ရဲဘော်တစ်ဦး က MPAသို့ ပြောသည်။
စစ်သားများသည် ကုန်စုံဆိုင်ပိုင်ရှင်လင်မယား ၊ အသက် ခုနှစ်နှစ်အရွယ် တူမ၊ ၁၆ နှစ်အရွယ် သားနှင့် ၂၅ နှစ်ဝန်းကျင် သမီးတို့ကို သတ်သွားခြင်းဖြစ်သည်။
ဘုတလင်မြို့ပေါ်တွင် စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက် ဖမ်းဆီးသတ်ဖြတ်နေခြင်းကြောင့် မြို့ခံများ ထွက်ပြေးနေရကြောင်းသိရသည်။
စက်တင်ဘာ ၃၀ ရက်တွင် ဘုတလင်မြို့နယ်၊ကူတော်ရဲစခန်းမှ မုံရွာမြို့ဘက်သို့ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို PDFတို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၁ ဦးသေဆုံးပြီး ဗိုလ်ကြီး နှစ်ဦးအပါ ၄၃ ဦးအားလက်နက်နှင့်တကွ အရှင်ဖမ်းဆီးပြီးနောက် ဘုတလင်မြို့ပေါ်နှင့်ကျေးရွာများအား စစ်ကောင်စီတပ်က နေ့စဥ် စစ်ကြောင်းထိုး အကြမ်းဖက်နေကြောင်းသိရသည်။