By Bywar Oo / MPA
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် သန်းခေါင်စာရင်းကောက်ခံရာ၌ ဆိုက်ကားဆရာများနှင့် စည်ပင်သန့်ရှင်းရေးဝန်ထမ်းများကို လုံခြုံရေးလိုက်ပေးရန် ခေါ်ဆိုမှုများရှိကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ထိုသို့ ခေါ်ယူရာတွင် စစ်ယူနီဖောင်း နှင့် တစနေ့ သုံးသောင်းကျပ်ပေးမည်ဟု ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သန်းခေါင်စာရင်းကောက်ယူရာ၌ လုံခြုံရေးလိုက်ပါပေးခဲ့ရသည့် ဆိုက်ကားဆရာတစ်ဦးက ပြောသည်။
“ လာခေါ်တာ စည်ပင်ကလူဗျ၊ သုံးသောင်းရမယ်ဆိုတော့ ကျတော်တို့လိုက်သွားမိတယ်။ စစ်သား ယူနီဖောင်းဝတ်ရတယ်။ ပြီးတော့ ကျင်စက်တစ်ခုပေးတယ်။ ထမင်းလည်းကျွေးမယ်ဆိုပြီး တစ်နေသာကုန်သွားတယ် မကျွေးလို့ ကိုယ့်ဘာသာဝယ်စားလိုက်ရတယ်။ ပြီးတော့ သုံးသောင်းသွားတောင်းတာ လကုန်မှပေးမယ်တဲ့ဗျာ၊ ငွေကျပ်တည်းနေလို့ လိုက်မိပါတယ် ။ အကြွေးနဲ့တိုးနေတာ စဉ်းစားသာကြည့်တော့ ” ဟု အထက်ပါ ဆိုက်ကားဆရာက ရှင်းပြသည်။
ထို့ပြင် ရန်ကုန်မြို့လမ်းမကြီးများ၌ သန့်ရှင်းရေးလုပ်နေသည့် နေ့စား စည်ပင်ဝန်ထမ်းများလည်း လုံခြုံရေးလိုက်ပါပေးရန် ခေါ်ယူခံရမှုများရှိပြီး တချို့မှာ ငြင်းပယ်ခဲ့ကြောင်း သိရသည်။
“ဒီဟာလုပ်မလားဆိုပြီး လာခေါ်တာ၊ မလုပ်နိုင်ပါဘူး။ တစ်ခုခုဆိုဘယ်လိုလုပ်မလဲ၊ ကျတော်တော့ တစ်ခါတည်း ငြင်း လိုက်တာပဲ ၊ မလုပ်လို့ ပြသနာဘာညာရှာတာတော့ မရှိပါဘူး” ဟု စည်ပင်သန့်ရှင်းရေးဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအနှံ့အပြား တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီက နေရာအတော်များများတွင် အထိနာကာ သေဆုံးသူများပြားလျက်ရှိသည်။
ထို့ကြောင့် တဖြည်းဖြည်း အင်အားဆုတ်ယုတ်လာသည့် စစ်ကောင်စီသည် သန်းခေါင်စာရင်းကောက်ချိန်တွင် ၎င်းတို့၏ လူအင်အားနည်းပါးနေမှုကို ဖုံးကွယ်သည့်သဘောဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည်သူများ ကလည်း ထောက်ပြဝေဖန်ကြသည်။
“ကျတော်တို့ဘက်ဆို ရပ်ကွက်ရုံးမှာ ဒီကောင်(စစ်တပ်)တွေ အရင်အထိုင်ချတယ်၊ ပြီးရင် ဆိုင်ကယ်တွေနဲ့ လမ်းတွေ ရပ်ကွက် တွေထဲ လမ်းသလားပြတယ်။ မသိရင် သူတို့ အင်အားရှိပါသေးတယ်ပေါ့၊ လူထုကို အထိတ်တလန့်နဲ့ အကြောက် တရားတွေ ဖြစ်အောင်လုပ်နေတာလေ” ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက လည်းပြော သည်။
၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်ထိ နိုင်ငံတစ်ဝန်းကောက်ခံ မည်ဟု စစ်ကောင်စီက ကြေညာထားသည်။
ထိုအချိန်မှစတင်ကာ သန်းခေါင်စာရင်းကောက်ချိန်တွင် လုံခြုံရေးအင်အား အများအပြားသည် ယူနီဖောင်း လက်နက်အပြည့်အစုံဖြင့် ရပ်ကွက်များတွင် နေရာယူထားခြင်းကြောင့် အများပြည်သူများအထိတ်တလန့်ဖြစ်ခဲ့ ရသည်ဟု သိရသည်။
စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းအခြေခံ လုပ်ငန်းတစ်ခုဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ တစ်ရက်မှ ၁၅ရက်နေ့အထိ ကောက်ယူခြင်းများလုပ်ဆောင်နေသော်လည်း တိုက်ပွဲဖြစ်ပွားသည့်နေရာများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည့် နေရာများတွင် ကောက်ယူနိုင်ခြင်းမရှိသောကြောင့် တိကျမှန်ကန်မှုရှိသည့် သန်းခေါင်စာရင်း မဖြစ်နိုင်ကြောင်း ထောက်ပြမှုများလည်းရှိနေသည်။