By Garcia Ni / MPA
တောင်ကျချောင်းရေကြောင့် ပြိုပျက်သွားသည့် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်းရှိ လမ်းပိုင်း ပြင်ဆင်နေမှု ၆၀ ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ပြီး အကူအညီများလည်းဆက်လက်လိုအပ်လျက်ရှိကြောင်း လမ်းပြုပြင်ရေးဦးဆောင်ပေးနေသည့် ယောမင်းကြီးဆရာတော်ထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၂၆ရက်နေ့တွင် ချင်းပြည်နယ်တောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် တောင်ကျရေများက ကြိမ်ချောင်း၊ ချည်ချောင်းနှင့် ကျည်ဆစ်ချောင်းများအတွင်းဝင်ရောက်၍ ရေကြီးရေလျှံမှုဖြစ်ကာ ကျောက်ထု-ဆောကားလမ်းပိုင်းများကို တိုက်စားခဲ့ပြီးနောက် ယင်းလမ်းပိုင်း ပျက်စီးခဲ့ခြင်းဖြစ်သည်။
ပျက်စီးသွားသည့်လမ်းပိုင်းများကို ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ မတည်ငွေ၊ နီးစပ်ရာကျေးရွားပြည်သူလူထု၏ အလှူငွေများဖြင့် ဆရာတော်များဦးဆောင်ကာ စစ်ဘေးရှောင်များ၊ ဒေသခံပြည်သူများနှင့်ဒေသကာကွယ်ရေးရဲဘော်များစုပေါင်း၍ ပြန်လည်ပြုပြင်လျက်ရှိကြောင်း လမ်းပြုပြင်ရေးဦးဆောင်ပေးနေသည့် ယောမင်းကြီးဆရာတော်က MPAကိုမိန့်သည်။
” ဆိုးဆိုးဝါးဝါးတော့ ချိုင့်ကြီးတွေဖြစ်နေတာ သုံးနေရာဗျ၊ ဘေးက တောင်ကိုဖြိုပြီး လမ်းသစ်ဖောက်တယ်။ ကျောက်စီ လို့ပြီးပြီ၊ သဲခင်းမယ်၊ ရေမြောင်းတူးမယ်။ ၆၀ ရာခိုင်နှုန်းလောက်ပြီးပါပြီ၊ မြေပြိုတဲ့နေရာတွေပြင်ရအုံးမယ်” ဟု ဆရာတော်က မိန့်သည်။
ပျက်စီးသွားသည့် လမ်းသားချိုင့်ကြီးများအား ပြန်လည်မြေဖို့ရာ၌ ကားအခေါက်ရေ သုံးဆယ်ကျော်သာဖြည့်ထားရပြီး ဆက်လက်ဖြည့်ရန်လိုအပ်သော်လည်း ငွေကြေးမလုံလောက်မှုကြောင့် ဖို့မြေကိုဆည်ခတ်၍ အောက်ခြေတွင်ထိန်းသည့်နည်းကိုသာ အသုံးပြုပြင်ဆင်နေသည့်အတွက် ထပ်မံပြိုပျက်ပါက လမ်းလုံးဝပိတ်သွားနိုင်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။
“ မနေ့က ကျတော်တို့ဖြတ်ခဲ့တာတော့ ဖောကားရော၊ အိမ်စီးကားရော ဆိုင်ကယ်တွေရော သွားလို့ရပြီဗျ၊ အေးအေးဆေးဆေးပါပဲ၊ ရှေ့လျှောက်ဆောင်းပေါက်တော့မှာဆိုတော့ လမ်းကထပ်မပြိုနိုင်တော့ဘူးလို့တော့ မျှော်လင့်ရတာပေါ့၊ အခုကတော့ အတော်လေးအဆင်ပြေနေပါပြီ “ ဟု ကျောက်ထုဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စက်တင်ဘာ ၂၆ရက်နေ့က ဖြစ်ပွားခဲ့သောရေကြီးရေလျှံမှုတွင် ဆောနှင့် ကျောက်ထုကြားရှိ စစ်ဘေးရှောင်စခန်းများမှ နေအိမ် ၁၆၀ ကျော်ထိခိုက်ပျက်စီးခဲ့ပြီး အသက်၃၈နှစ်အရွယ်မိခင်နှင့် သုံးနှစ်အရွယ်ကလေးငယ်တို့ ရေနစ်မျောပါသေဆုံးခဲ့ရသည်။
လက်ရှိတွင် ရေဘေးသင့်ပြည်သူများကို အနီးပတ်ဝန်းကျင်ရှိ ဒေသခံကျေးရွာများနှင့် ရေဘေးမသင့်သည့် စစ်ရှောင်ပြည်သူများက အချင်းချင်းကူညီမှုပေးနေပြီး ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီများလည်း လိုအပ်လျက်ရှိကြောင်းသိရသည်။
“ ဆောင်းတွင်းရောက်လာပြီဆိုတော့ စောင်၊ အနွေးထည် အဓိကလိုမယ်။ တဲတွေက လေမလုံဘူးလေ၊ ပြီးတော့ ကိုယ်ဝန်ဆောင်ကာကွယ်ဆေး၊ ကလေးကာကွယ်ဆေးတွေ ပုံမှန်ထိုးနိုင်အောင် အဓိက ကူညီစေချင်ပါတယ်” ဟု ယောမင်းကြီးဆရာတော်က မိန့်ကြားသည်။
ကျောက်ထုနှင့် ဆောမြို့အကြား ကားလမ်းဘေးတစ်လျှောက်တွင် ကျောက်ထုမြို့အမြောက်တပ်မှ မကြာခဏစစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျောက်ထုမြို့အနီးပတ်ဝန်ကျင်ကျေးရွာများမှာ ဘေးလွတ်ရာသို့ရှောင်တိမ်းလာကြသူများနေထိုင်ကြသကဲ့သို့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်များမှ စစ်ရှောင်လာသည့် ပြည်သူများလည်းနေထိုင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။



