By Ko Paing / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများခိုလှုံနေသော ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ သံဃာ သုံးပါးအပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးကြောင်း မတ္တရာမြို့နယ်ပကဖထံကသိရသည်။
ယနေ့(အောက်တိုဘာ ၁၁ရက်)မွန်းလွဲ တစ်နာရီခန့်တွင် မတ္ထရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင် ၃၀၀ ဝန်းကျင်ခိုလှုံနေသော ဘုန်းကြီးကျောင်းကို စစ်တပ်က ပေါင် ၂၀၀ ဗုံးနှစ် လုံး လုံးကြဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်းသိရသည်။
“စစ်ကြောင်းထိုးနေလို့ စစ်လာရှောင်ကြတဲ့သူတွေ ၃၀၀ ဝန်းကျင်လောက်ရှိတယ်။ဒါကို ဘုန်းကြီးကျောင်းမှာ PDF ရှိပါတယ်ဆိုပြီး ဒလန် က သတင်းပေးလိုက်တာ။ပေါင် ၂၀၀ ဗုံး နှစ် လုံးကြဲပြီး လေယာဥ်က ပတ်လာပြီး စက်သေနတ်နဲ့ဆွဲတော့တာ” ဟု မတ္တရာမြို့နယ်ပကဖ ရဲဘော်တစ်ဦးက MPAသို့ ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့်စစ်ဘေးရှောင် ပြည်သူ ၃၀ခန့်လည်း ဒဏ်ရာရရှိကြောင်း သိရသည်။
ယင်းစစ်ရှောင်များသည် တုန်ကုန်းနှင့်အနီးဝန်းကျင်ရွာများကဖြစ်ပြီး စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့်ပြီးခဲ့သည့် သုံးရက်က ဝေါစုကျေးရွာ ဘုန်းကြီးကျောင်းသို့ လာရောက်ခိုလှုံနေခြင်းဖြစ်သည်။
“လက်ရှိ မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်” ဟု MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန် ကပြောသည်။
လက်ရှိတွင် မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။