By Haythar / MPA
ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီတပ်ကဗုံးကြဲမှုကြောင့် အရပ်သားရှစ်ဦးသေဆုံးမှုကို အေအေ ခေါင်းဆောင် ၂၀ ကျော် သေဆုံးဟု စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေခဲ့ ကြသည်။
Subscriber ၁၈၀,၀၀၀ ကျော်ရှိသည့် Kyaw Swar တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခန့်တွင် “ကျောက်တော်သတင်း ကောင်းကြားရပါတယ်။ AA မူးယစ်ဆေးဝါးဂိုဏ်း ခေါင်းဆောင်၂၀ ကျော် မသာပေါ် တယ်လိုသိရပါတယ်။” ဟု (မူရင်းရေးသားချက်အတိုင်း) ရေးသား ဖြန့်ဝေထားသည်။
အဆိုပါ တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေမှုကို အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၃၃,၀၀၀ ကျော်၊ Like and react ပေးသူ ၈၃၀ ကျော်ရှိခဲ့ပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖော်ပြ ထားကြသည်။
သတင်းအမှားလင့်ခ်များ
Kyaw Swar – https://archive.ph/l41n2
D.I Thameedaw – https://archive.ph/7h7Mb
Captain Ko Thet – https://archive.ph/oIDTC
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
Google တွင် “ကျောက်တော်မြို့ ဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ RFA, Myanmar Now, Western News သတင်းမီဒီယာများ၌ ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာများတွင် ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က အရပ်သားများ နေထိုင်သည့် မြို့မစျေးကို အောက်တိုဘာ ၁၀ ရက် ညနေ လေးနာရီဝန်းကျင်က လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ဦးအပါ အဝင် ဒေသခံ ရှစ်ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဝန်းကျင်ထိခိုက်ဒဏ်ရာရခဲ့သည်။ အရပ်သားများကို ဦးတည် တိုက် ခိုက်နေခြင်းဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ်များ
RFA – https://shorturl.at/JhT2d
Myanmar Now – https://shorturl.at/1xcx5
Western News – https://shorturl.at/FwwtK
သုံးသပ်ချက်
ကျောက်တော်မြို့ မြို့မစျေးကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ် ဦး အပါအဝင် အရပ်သား ဒေသခံ ရှစ်ဦးထိခိုက်သေဆုံးခဲ့သည်။
ထို့ကြောင့် ကျောက်တော်တွင် အေအေ မူးယစ်ဂိုဏ်းခေါင်းဆောင် ၂၀ ကျော်သေဆုံးဆိုသည် အကြောင်း အရာသည် သတင်းအမှားဖြစ်သည်။
အထက်ဖော်ပြပါ အချက်အလက်စစ်ဆေးမှုများသည် အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းအထိ ရရှိထားသော အချက်အလက်များပေါ် မူတည်၍ စစ်ဆေးထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်ပါသည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPA က အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။