By Mandy / MPA
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်တွင် KIA နှင့် PDF များ ပူးပေါင်းပြီး ဂိတ်များဖွင့်လှစ်ကာ စက်သုံးဆီသယ်ဆောင်လာသည့် ယာဉ်များကို ဂိတ်ကြေး အဆမတန်ကောက်ခံနေကြောင်း ဆီကုန်သည်များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်ကာ ထိုကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်ကာ၊ ဆီကုန်သည်များအနေဖြင့် ဂိတ်ကြေး အဆမတန်ပေးရခြင်းကြောင့် စက်သုံးဆီများကို စျေးမြှင့်ရောင်းချရသည့်အတွက်ဗန်းမောက်ဒေသခံများသာ ထိခိုက်ရကြောင်း ပြည်သူများက ဆိုသည်။
“ဗန်းမောက်မြို့နယ်ထဲက ပါယဆိုတဲ့ ဂိတ်မှာ ဆီတစ်ပေပါ တစ်သိန်းခွဲပေးရတယ်။ သူတို့ကို အဲ့ဒီလိုပေးရတော့ ကျတော်တို့ဆီကုန်သည်တွေမှာ ဘယ်လောက်ထိခိုက်သွားနိုင်လဲ၊ ကျတော်တို့က ကုန်သည်လေ အမြတ်ရချင်လို့လုပ်တာ၊ ရောင်းတဲ့အခါ အရင်းတန်ဖိုးရော၊ ဂိတ်ကြေးရော၊ ကားခ၊ စားစရိတ်၊ အလုပ်သမားခ အကုန်ပေါင်းပြီး ကျတော်တို့အတွက် အမြတ်ကျန်နိုင်တဲ့စျေးနဲ့ ရောင်းရတာ၊ အဲ့ဒီတော့ ဒေသခံတွေပဲ နစ်နာတာပေါ့” ဟု ကောလင်းမြို့နယ်မှ ဆီကုန်သည် အမျိုးသားတစ်ဦးက ပြောသည်။
ကောလင်း၊အင်းတော်၊ ဗန်းမောက်၊ကန့်ဘလူ၊ ကျွန်းလှ၊မုံရွာမြို့နယ်များမှ ဆီကုန်သည်များသည် ဗန်းမောက်မြို့နယ်အတွင်းသို့ ဝါချည်အမျိုးအစား စက်သုံးဆီနှင့် ဓာတ်ဆီ(အောက်တိန်း)အား အဓိက တင်ပို့ကြပြီး ယခင်က ဆီတစ်ပေပါလျင် ဂိတ်ကြေး ငါးသောင်းသာ ပေးရသော်လည်း လက်ရှိ တစ်သိန်းခွဲအထိ ပေးနေရခြင်းဖြစ်သည်။
အဆိုပါ ပါယဂိတ်သည် KIAနှင့် PDF တို့၏ပူးပေါင်းဂိတ်တစ်ခုဖြစ်ပြီး ဗန်းမောက်မြို့နယ်တွင်းသို့ ဝင်ရောက်လာသော ဆီကုန်သည်အများစု၏ နောက်ဆုံးဂိတ်လည်းဖြစ်သည်။
တော်လှန်ရေးအင်အားစုများက စစ်ကောင်စီနှင့် ပြည်သူ့စစ်များထိန်းချုပ်ထားသော ဗန်းမောက်မြို့အား ဖြတ်တောက်ရေးအမည်တပ်ကာ ယင်းမြို့သို့ စက်သုံးဆီတင်သွင်းခွင့်ကို ထိန်းချုပ်ထားသည်မှာ ခြောက်လခန့်ကြာမြင့် နေပြီဖြစ်သည်။
“အမတို့ ဆီလုပ်ငန်းဆိုတာက မြတ်တယ်သာပြောတာ၊ ရက်ရှည်နေရပြီး မရှုံးရင် အရင်းသာသာစျေးနဲ့ရောင်းပြီးပြန်ခဲ့ရတာလည်းရှိတယ်။ စျေးစောင့်ပြီးရောင်းရတာ ရက်ရှည်လို့ စားစရိတ်၊ အလုပ်သမားစရိတ် ရှုံးတာလည်းရှိတယ်။ မြတ်ရင်လည်း တစ်ပတ်တောင်မကြာဘဲနဲ့ သိန်း၇၀လောက်မြတ်တယ်” ဟု စက်သုံးဆီလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။
ဆီကုန်သည်များသည် ဝါချည် စက်သုံးဆီ တစ်ပေပါ ကျပ် ရှစ်သိန်းခွဲ၊ ဓာတ်ဆီတစ်ပေပါ ကျပ်ကိုသိန်းခွဲဖြင့် ဝယ်ယူပြီး ဗန်းမောက်မြို့တွင် ပြန်လည်ရောင်းချရာ၌ ဝါချည် တစ်ပေပါ ဆယ့်တစ်သိန်းခွဲ၊ ဓာတ်ဆီတစ်ပေပါ ဆယ့်သုံးသိန်း ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ကျတော်က ပါယဂိတ်ထိဆိုရင် တစ်ပေပါ ခြောက်သောင်းတောင်းတယ်။ ဗန်းမောက်မြို့ထဲထိဆိုရင် တစ်ပေပါ တစ်သိန်းပေါ့၊ ဂိတ်တွေဖြတ်ရတာ သိပ်တော့ပြဿနာမရှိပါဘူး။ ပိုက်ဆံပေးရတယ်။ စကားကို အတတ်နိုင်ဆုံး ချိုချိုသာသာပြောရတယ်။ တစ်ခါတစ်လေတော့ ရစ်ခံရတာတွေရှိတာပေါ့” ဟု ဆီကားယာဉ်မောင်းတစ်ဦးက ဆိုသည်။
ဆီလုပ်ငန်းရှင်များသည် လမ်းရှင်းခ(ဂိတ်ကြေး)အပြင် ၊ယာဉ်မောင်းအား တစ်ပေါပါ ခြောက်သောင်းကျပ်၊ ဆီပေပါအခွံငှါးခ တစ်ပေပါ တစ်သောင်းကျပ်၊ အလုပ်သမားခ တစ်ရက် တစ်သောင်းကျပ်နှင့် စားသောက်နေထိုင်စရိတ်ပါ ကုန်ကျသည်ဟု အဆိုပါယာဉ်မောင်းက ဆက်လက်ရှင်းပြသည်။
လက်ရှိ ဗန်းမောက်မြို့နယ်အတွင်းသို့ ဆီတင်သွင်းမှုကိုလည်း အောက်တိုဘာ ဒုတိယပတ်မှတ်စတင်ကာ KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်ထားသဖြင့် ပါယဂိတ်နှင့် ဗန်းမောက်-အင်းတော်လမ်းပိုင်းရှိ ကျွဲကောကြီး၊ ခေါင်းကိုက်လမ်းဆုံ ဂိတ်တို့တွင် ဆီကားအများအပြား ပိတ်မိနေကော လှည့်ပြန်နေသည့် ဆီကားများလည်းရှိကြောင်း ကောလင်းမြို့နယ်ရှိ ဆီလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီ တင်သွင်းမှုကို တော်လှန်ရေးအင်အားစုများက အကန့်အသတ်ဖြင့် သာ တင်သွင်းခွင့်ပြုထားသဖြင့် လွယ်ကူစွာဝယ်ယူ၍မရဘဲ စျေးကြီးပေးဝယ်နေရသည့်အတွက် ဒေသခံ တစ်ထောင်ခန့်သည် ၂၀၂၄ခုနှစ် ဇူလိုင် နှစ်ရက်က ဗန်းမောက်-အင်းတော်လမ်းပိုင်း၊ ကျောက်မဲတောင် တောင်ခြေဂိတ်နှင့် ကျွဲကောကြီး-ခေါင်းကိုက်လမ်းဆုံဂိတ်တို့တွင် ဆန္ဒပြခဲ့သေးသည်။