By Ra Wai / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့မရဲစခန်းတွင် ပြည်သူ့ရင်ခွင်ခိုလှုံချင်သည့် ရဲ အများအပြားရှိကြောင်း သိရသည်။
အောက်တိုဘာ ကိုးရက်၊နံနက်၁၁နာရီခန့်တွင် အလင်းဝင်လာသည့် ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သား အောင်ဗိုလ်မင်းထံမှ ယင်းသို့ သိရှိရခြင်းဖြစ်ကြောင်း Earthquake People’s Defence Force ကဆိုသည်။
“ ဖိနှိပ်ခံရတာတွေမျိုးစုံရှိတယ်လို့ ပြောတယ်။ ဒီဘက် (PDFတပ်ဖွဲ့)ကိုအလင်းဝင်ချင်တဲ့သူတွေကတော့ရှိတာပေါ့။အကြောင်းအမျိုးမျိုး ကြောင့်မဝင်လာနိုင်ကြသေးတာလို့ပြောတယ်။” ဟု Earthquake People’s Defence Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
ယင်းရဲတပ်သားသည် ပထမအကြိမ် ပြည်သူ့ရင်ခွင်ခိုလှုံရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရပြီး အချုပ်ကျခဲ့ကြောင်း ယခုအကြိမ်တွင်မူ တာဝန်ကျချိန်၌ အူဇီကျည်ဘောက် နှစ်ဘောက်၊ ကျည်ဆန် အတောင့် ၁၀၀တို့နှင့်အတူ ထွက်ပြေးခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။
“ အရင်တစ်ခေါက် သူကထွက်ပြေးဖူးတယ်ဗျ။ အဲ့တုန်းကအဖမ်းခံရပြီး အချုပ်ချခံရတာပေါ့။ အခုမှလွတ်ပြီး ကင်းတာဝန်ကျနေချိန်မှာ ထွက်လာခဲ့တာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ပခုက္ကူမြို့မရဲစခန်းမှ ပြည်သူ့ရင်ခွင်ခိုလှုံချင်သည့် ရဲများအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့များထံ ချိတ်ဆက်ခိုလှုံကြရန်နှင့် လာရောက်ခိုလှုံသူများကိုလည်း နွေးထွေးစွာကြိုဆိုမည်ဖြစ်ကြောင်း Earthquake People’s Defence Force ကဆိုသည်။