By Ra Wai / MPA
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူနေမှုများကို လုံးဝသဘောမတူ၊ ခွင့်မပြုကြောင်း လက်တွေ့ပြသသွားမည်ဟု Myingyan Black Tiger အဖွဲ့က ဆိုသည်။
မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါးဇွန်မြို့နယ်တို့ရှိ မြို့ပေါ်နှင့် စစ်ကောင်စီစိုးမိုးထားသည့် ကျေးလက်များတွင် သန်းခေါင်စာရင်းကောက်ယူနေကြောင်း သိရသည်။
“ လောလောဆယ်အနေအထားမှာ မြင်းခြံမြို့ထဲမှာ ကောက်နေတာရှိတယ်။ တခြားမြို့တွေမှာလည်း ကောက်ယူနေတာရှိတယ်လို့ ကြားသိထားရပါတယ်။ နယ်တွေထဲတော့ ဆင်းလာတာ သိပ်မတွေ့ရသေးပါဘူး။ ဆင်းတဲ့နယ်တွေကလည်း စကစရဲ့ စိုးမိုးမှုရထားတဲ့နေရာတွေ၊ ပျူစောထီးရွာတွေလောက်ပဲ ကောက်တာတွေ ရှိပါတယ်” ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက MPA သို့ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးလိုက်ပါဆောင်ရွက် ပေးနေကြောင်း သိရသည်။
“ ဘယ်သူတွေ ဦးဆောင်နေသလဲဆိုတာ မသိရသေးဘူး။ အခုမှ စုံစမ်းနေတုန်းရှိပါသေးတယ်။ အဓိကကတော့ လုံခြုံရေးနဲ့ ကောက်ယူတာတွေရှိသလို သူတို့နယ်မြေထဲမှာဆိုရင် သန်းခေါင်စာရင်းသီးသန့်ကောက်တဲ့သူတွေလည်းရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သန်းခေါင်စာရင်းကောက်ယူနေသူများနှင့် ပါဝင်ကူညီသူများကို တွေ့သည့်နေရာ၌ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပစ်ခတ်ရှင်းလင်းမည်ဟု Myingyan Black Tiger ကဆိုသည်။
“ စစ်ရေးလှုပ်ရှားတဲ့အချိန်ပဲ ဖြစ်ဖြစ်၊ ပုံမှန်အချိန်ပဲ ဖြစ်ဖြစ် တွေ့တာနဲ့ တစ်ခါတည်း ပစ်ခတ်ရှင်းလင်းမှာပါ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် ၎င်းတို့၏ ရာဇဝတ်မှုများကို ရွေးကောက်ပွဲ ကျင်းပပေးမည် ဟူသော ကတိဖြင့် ဖုံးကာ နိုင်ငံတကာကို လိမ်လည်လှည့်ဖျားရန် ကြိုးစားလာခြင်းဖြစ်ကြောင်း Myingyan Black Tiger ကဆိုသည်။