By Ra Wai / MPA
ထုတ်လုပ်မှု အောင်မြင်သည့် ကျည်ကာပြားကို မဟာမိတ်တပ်ဖွဲ့များထံ မျှဝေသွားမည်ဖြစ်ကြောင်း Monywa The Boy အဖွဲ့ထံက သိရသည်။
ကျည်ကာပြား စမ်းသပ်ထုတ်လုပ်နေသည်မှာ အချိန်ကြာပြီဖြစ်ပြီး စက်တင်ဘာလလယ်မှသာ အောင်မြင်ခဲ့ကြောင်း၊ စမ်းသပ်မှုများစွာထပ်မံပြုလုပ်နေပြီး မဟာမိတ်တပ်ဖွဲ့များကိုလည်း နည်းပညာနှင့် ပစ္စည်းများ ပြန်လည်မျှဝေသွားမည်ဖြစ်ကြောင်း မုံရွာခရိုင်အမှတ် လေးတပ်ရင်း အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boy အဖွဲ့ထံက သိရသည်။
“ နှစ်မျိုးစလုံးပေါ့။ နည်းပညာလိုအပ်တဲ့ အဖွဲ့အစည်းဆိုလည်း နည်းပညာအကူအညီပေါ့ဗျာ။ ဒါမှမဟုတ် ပစ္စည်းကိုလည်း ကျသင့်ထားတဲ့ ကုန်ကျစရိတ်သာသာနဲ့ပဲ ဖြန့်ဝေဖို့ရှိပါတယ်” ဟု မုံရွာခရိုင်အမှတ် ၄တပ်ရင်း အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boy အဖွဲ့တာဝန်ခံက MPA သို့ပြောသည်။
” စမ်းသပ်နေတာကြာပြီဗျ။ ဒါပေမဲ့ လူကိုယ်တိုင်၊ ကိုယ်တိုင်ကိုယ်ကျ သင်ရတာမဟုတ်တဲ့အတွက်ကျ အခက်အခဲလေးတွေရှိတော့ ကြာတယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထုတ်လုပ်ထားသည့် ကျည်ကာပြား၏ အရည်အသွေးကို ရှော့ဂန်းနှင့် AK 47သေနတ်တို့ဖြင့် ၁၅မီတာအကွာမှ ပစ်ခတ်ခြင်း၊ Glockနှင့် SIGသေနတ်တို့ဖြင့် ခြောက်မီတာအကွာမှ စမ်းသပ်ပစ်ခတ်ခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။
“ အပေါ်ယံလွှာကိုပဲ ဖျက်ဆီးနိုင်တာ။ ဟိုဘက်ကို တိုးလျှိုပေါက် ပေါက်မသွားဘူး။ အပြင်က ကျည်ကာပြားတွေနဲ့ ပြောမယ်ဆို Level 4 ပတ်ဝန်းကျင်လောက်ရှိတယ်” ဟု ၎င်းကပြောသည်။
ယင်းထုတ်လုပ်မှုတွင် ကျည်ကာပြားတစ်ပြားလျှင် မြန်မာငွေ တစ်သိန်းနှင့် နှစ်သိန်းကြားကုန်ကျပြီး အဆင့်မြှင့်တင်လျှင် မြှင့်တင်သလို ကုန်ကျစရိတ်ပိုနိုင်ကြောင်း၊ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ လည်း ဝယ်ယူရမလွယ်ကူကြောင်း သိရသည်။