ကယား(ကရင်နီ)ပြည်နယ်၏ ဖရူဆိုမြိို့နယ်တွင် ယနေ့(အောက်တိုဘာလ၁၄)ရက်နေ့ နံနက်ပိုင်း၌ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်းသိရသည်။
“ ဖရူးဆိုဘက်ပစ်တယ်။ အရှေ့ဘက်ခြမ်း ထားလဲကျေးရွာတို့ဘက်မှာ ဒီနေ့မနက်ပိိုင်းပစ်ခတ်ခဲ့တယ်။ အခုထိတော့ ပစ်နေသေးတယ်။ အထိအခိုက် အခြေအနေတော့ မသိရသေးပါဘူး ” ဟု ဒေသခံတစ်ဦးက MPA သို့ပြောသည်။
အောက်တိုဘာလ၁၃ရက်နေ့တွင်လည်း ဖရူဆိုမြို့တွင်အကြမ်းဖက်စစ်တပ်၏ ရမ်းသန်းပစ်ခတ်မှုများကြောင့် ကတ်သလစ်ဘုရားကျောင်းတစ်ခုအပါအဝင် နေအိမ်အချို့ လက်နက်ကြီးကျည်ထိမှန်ပြီး ထိခိုက်ပျက်စီးခဲ့ရသည်။
ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးလျက်ရှိနေသော ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။
“ လက်နက်ကြီးတွေက ဒီမနက်လည်းပစ်တယ်။ ဒါကပုံမှန်ပါပဲ။ စစ်ကောင်စီက စစ်ကြောင်းထိုးရင် လက်နက်ကြီးနဲ့ပစ်နေကြပဲ။ ဒီနေ့တိုက်ပွဲဖြစ်တာတော့ မရှိသေးပါဘူး ” ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကယားပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိနေပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ၊ ဖမ်းဆီးနှိပ်စက်ခြင်းများ၊ မြေမြှုပ်မိုင်းများကြောင့် ဒေသခံအများစုမှာ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြရသည်။
စစ်ဘေးရှောင်စခန်းများရှိ တာဝန်ရှိသူများ၏ ပြောပြချက်များအရ ကရင်နီစစ်ရှောင်များ တစ်သိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်အား တိုင်းနှင့်ပြည်နယ်အသီးသီးတို့ရှိ ဒေသခံကာကွယ်ရေးအဖွဲ့များမှ နေ့စဉ်တိုက်ခိုက်လျက်ရှိနေပြီး နှစ်ဖက်တိုက်ခိုက်မှုများရှိကာ ဒေသခံအများအပြား စစ်ရှောင်နေကြရသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA-Myanmar)၏ ထုတ်ပြန်ချက်များအရ အောက်တိုဘာလ၆ရက်နေ့အထိ ထုတ်ပြန်ချက်များအရမြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ၁ရက်နေ့မှ စတင်ပြီး တိုက်ပွဲများကြောင့် ဒေသခံ ၁၄၆၃၀၀ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။
Photo -KNDF(အောက်တိုဘာလ၁၃ရက်နေ့က လက်နက်ကြီးကျည်ထိမှန်ပြီး ထိခိုက်ခဲ့ရသော ကတ်သလစ်ဘုရားကျောင်း)