By Ra Wai / MPA
စစ်ကောင်စီနှင့်တရုတ် ပူးပေါင်းကာ အပြင်းအထန် တိုက်ခိုက်ဖိအားပေးနေသော်လည်း လားရှိုးမြို့မှ ကိုးကန့်တပ် MNDAA ဆုတ်ခွာနိုင်ခြေမရှိကြောင်း ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
လားရှိုးမြို့မှ ချက်ချင်းဆုတ်ခွာရန် တရုတ်က ကိုးကန့်ဒေသပြည်သူများကို ဖြတ်ငါးဖြတ်စစ်ဆင်ရေး ဖြင့် ဖိအားပေးနေသလို စစ်ကောင်စီကလည်း လားရှိုးမြို့ပြည်သူများအား ပစ်မှတ်ထားကာ လေ ကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
“အခုမြန်မာပြည်တွေကို သတ်တာ စစ်ကောင်စီတင်မကတော့ဘူး။တရုတ်ပါပါလာပြီ။စစ်ကောင်စီက ဗုံးကြဲသတ်၊တရုတ်က အငတ်ဘေးကျအောင်လုပ်မယ်ပေါ့။ဒါပေမဲ့၊MNDAA က လားရှိုးမြို့အုပ်ချုပ် ရေးလုပ်ငန်းတွေကို ဆက်လုပ်နေတာတွေ့ရတယ်။ဒါဟာ လားရှိုးကနေ ဆုတ်မပေးဘူးဆိုတဲ့ သဘောပဲလို့ လတ်တလောကောက်ချက်ချနိုင်တယ်” ဟု ၎င်းက MPAသို့ပြောသည်။
စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် လားရှိုးမြို့ခံသုံးဦး၏ နေအိမ်သို့ အောက်တို ဘာကိုးရက်တွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ၏ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ သွားရောက်ကာ ကျန်ရစ်သူမိသားစုများအား ကျပ်၁၅သိန်း၊ဆန်တစ်အိတ်နှင့် စားဆီတစ်ပုံးစီ လှူဒါန်း ခဲ့ကြောင်း MNDAAက ထုတ်ပြန်ထားသည်။
ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံရောက်နေသော ဒဏ်ရာရရှိသူများထံသို့ သွားရောက်တွေ့ဆုံ အားပေးခဲ့သေးကြောင်း သိရသည်။
စစ်ကောင်စီတပ်က လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူသုံးဦးသေဆုံးပြီး ၁၀၀နီး ပါးဒဏ်ရာရခဲ့ကြောင်း MNDAAက ထုတ်ပြန်ထားသည်။
ဩဂုတ်သုံးရက်တွင် လားရှိုးမြို့ကို MNDAAနှင့် မဟာမိတ်တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
MNDAA က လားရှိုးမြို့ကို စတင်ထိုးစစ်ဆင်ချိန်မှ ယနေ့အထိ MNDAAနှင့် ကိုးကန့်ဒေသ ကို တရုတ်က လျှပ်စစ်မီး၊ရေ၊အင်တာနက်၊လောင်စာဆီ၊ဆေးဝါး စသည့် လူသုံးကုန်များနှင့် လူအဝင်အထွက်ပိတ်ဆို့ခြင်းဆိုသည့် ဖြတ်ငါးဖြတ် ကျင့်သုံးကာ အင်အားချိနဲ့အောင် လုပ်ဆောင်နေကြောင်းသိရသည်။


