By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား သူများကို ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။
အောက်တိုဘာခုနှစ်ရက်၊ နံနက်အစောပိုင်းတွင် ဘုတလင်မြို့နယ်၊ ကံဆွယ်ကျေးရွာကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကြောင်း ရောက်ရှိလာပြီး ဒေသခံပြည်သူ ၁၁ ဦးထက်မနည်းအား လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားခဲ့ရာ ယနေ့(အောက်တိုဘာကိုးရက်)ညနေအထိပြန်မလွတ်သေးကြောင်းသိရသည်။
“ဘယ်မှာ ဖမ်းထားသလဲဆိုတာလည်း မသိရဘူး။စစ်ကြောင်းကတော့ ဘုတလင်ရွာဘက်တွေအနှံ့ထိုး နေတာပါ။အဖမ်းခံထားရတာကတော့ အမျိုးသား၊အမျိုးသမီးအစုံပဲ။အကုန်ပြေးနေကြတော့ ဘယ်သူ၊ဘယ်ဝါဆိုတာနဲ့ လူဦးရေလည်း ပြောလို့မရဘူး” ဘုတလင်မြို့နယ်အခြေစိုက်တော်လှန်ရေး ရဲဘော်တစ်ဦးက MPAသို့ ပြောသည်။
ယနေ့ မွန်းလွဲ တစ်နာရီခွဲဝန်းကျင်တွင်လည်း ဘုတလင်မြို့နယ်၊ကျောက်အိုး(မြောက်)ရွာကို အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့ပြီး ပျက်စီးသွားသောအိမ်အရေအတွက် အား မသိရသေးပေ။
ယင်းစစ်ကြောင်းသည် အောက်တိုဘာ ငါးရက်မှ စတင်ကာ ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများ ကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
စက်တင်ဘာ ၃၀ ရက်တွင် ဘုတလင်မြို့နယ်၊ကူတော်ရဲစခန်းမှ ပြန်လာသည့် အင်အား ၈၀ ကျော်ပါစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၃ ဦးသေဆုံးပြီး ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်သုံ့ပန်း ၄၃ ဦးကို လက်နက်မျိုးစုံ ၅၆လက်နှင့်အတူဖမ်းဆီးရမိကြောင်း NUG၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။