By Mandy / MPA
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းသည် ပင်လယ်ဘူးမြို့ကို လက်လွှတ်ခဲ့ရမှုကြောင့် ရှုံးမဲမဲခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ရှစ်ရက်၊ ညနေ သုံးနာရီခွဲခန့်က စစ်ကောင်စီသည် ကောလင်းမြို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူ သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
” ဂျက်ဖိုက်တာက စိုက်ဆင်းလာပြီး ဗုံးသီးတွေချတာ၊ ခါတိုင်းဆိုရင် အရင်ဝဲပြီးမှ ပစ်တာ၊ အခုက ဘာပစ်မှတ်မှမရှာဘဲ ထိရင်ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ ဗုံးသီးတွေ နှစ်ခါချသွားတယ် ” ဟု စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကို မျက်မြင်တွေ့ရှိခဲ့သည့် ကောလင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်နေရာသည် ကောလင်းမြို့အနီးတစ်၀ိုက်မှ ပြည်သူများ စစ်ရှောင်နေသည့် ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်ရှိ ကုက္ကိုကုန်းကျေးရွာဖြစ်ကြောင်းလည်း သိရသည်။
“ ဂျက်ဖိုက်တာ နိမ့်ဆင်းလာပြီဆိုကတည်းက ထင်တော့ထင်တယ်။ နောက်တော့ ရွာမကြီးထဲကို ပစ်တော့တာပဲ၊ အဲ့ဒါနဲ့ ဘေးကင်းမယ်ထင်တဲ့နေရာမှာ အရင်ဝပ်နေရတာ၊ ဂျက်ဖိုက်တာပြန်သွားပြီးတော့ ရွာမှာမနေရဲတော့ဘူး။ နောက်တစ်ကြိမ်လာမပစ်ဘူးလို့ ပြောမရဘူးလေ ” ဟု ကုက္ကိုကုန်းကျေးရွာမှ အသက် ၅၅နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကုက္ကိုကုန်းကျေးရွာတွင်နေထိုင်သည့် အရပ်သား သုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ်သုံးလုံး နှင့် ကား နှစ်စီး ပျက်စီးခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း(၁) က ထုတ်ပြန်ထားသည်။
“ဒီကောင်တွေ(စစ်တပ်)က ပင်လည်ဘူးကို လက်လွှတ်လိုက်ရလို့ ရှုံးမဲမဲနေတာ၊ ပြည်သူတွေကို အကြောက်တရားသွင်းတာပေါ့၊ လူစည်ကားတဲ့ရွာကိုမှ ရွေးပစ်တာ၊ ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို ဒီထက်ပိုသတိထားရတော့မှာပေါ့” ဟု ကောလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် အောက်တိုဘာ ရှစ်ရက်တွင် ပင်လည်ဘူးမြို့ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ယင်းနေ့နှင့် အောက်တိုဘာ ၉ရက်အထိ ပင်လည်ဘူးမြို့အနီးတစ်၀ိုက်ကို လေကြောင်းဖြင့် တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလကလည်း ကုက္ကိုကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က Mi-35 ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက်၊ Mi-17 ဖြင့် စစ်အင်အားဖြည့်တင်းပြီး ရွာကို စီးနင်းခဲ့သေးသည်။
ကောလင်းခရိုင်အတွင်း ကောလင်း၊ ဝန်းသိုနှင့် ပင်လည်ဘူးမြို့တို့ပါဝင်ပြီး တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ခုနှစ်၊ နိုဝ်ငဘာလအတွင်း ကောလင်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းနှင့် မြေပြင်စစ်ကြောင်းများဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့သည့်အတွက် ယင်းမြို့ကို လက်လွှတ်ခဲ့ရသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့တွင် ၎င်းတို့၏ စခန်းများ လက်လွှတ်ဆုံးရှုံးရပြီးနောက်တွင် လူစည်ကားသည့်နေရာများကို လေကြောင်းဖြင့် ပစ်မှတ်ထားထိုက်ခိုက်နေသည့်အတွက် လေကြောင်းအန္တရာယ်အထူးဂရုပြုရန် ကောလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများက စက်တင်ဘာလအတွင်း ပြည်သူများကို နှိုးဆော်မှုပြုလုပ်ခဲ့သေးသည်။
စစ်ကောင်စီသည် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ကောလင်းမြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၁၂ဦးသေဆုံးကာ ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
ကုက္ကိုကုန်းကျေးရွာသည် ၂၀၂၁ခုနှစ်၊ ဇူလိုင်လအတွင်း ကောလင်းမြို့နယ်၌ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ခဲ့သည့် ပထမဆုံးကျေးရွာတစ်ခုလည်းဖြစ်သည်။