By Zwe Ko / MPA
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် မူးယစ်ရမ်းကားသူများနှင့် ရန်ဖြစ်သူများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ လဆန်းပိုင်းက အုတ်ဖိုမြို့နယ်တွင် လင်မယားခြင်းရန်ဖြစ်ခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် အမျိုးသားဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး စစ်တပ်ထဲသို့ ပို့ဆောင်လိုက်ကြောင်း အဆိုပါအမျိုးသားနှင့် ဆွေမျိုးတော်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ လင်မယားနှစ်ယောက်ရန်ဖြစ်တာ၊ အဲ့ဒါကို ရွာထဲက ရာအိမ်မှူးက စစ်တပ်လှမ်းခေါ်ပြီး ဖမ်းခိုင်းတာ၊ စစ်သားတွေ ရဲတွေရောက်လာပြီး ဖမ်းသွားတယ်။ နောက်နေ့ မိသားစုက ရဲစခန်းလိုက်တော့ ရဲစခန်းမှာမရှိဘူးပြောတယ်။ စစ်ထဲထည့်လိုက်ပြီလို့ပြောတယ်။ ကောင်လေးက အခုမှ အသက် ၂၀ ကျော်ပဲရှိသေးတယ် “ ဟု ၎င်းက ပြောသည်။
ထို့ပြင် မင်းလှမြို့နယ်၊ စစ်ကွင်းမြို့တွင်လည်း မူးယစ်ရမ်းကားသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်သင်တန်းတက်ရောက်ရန် ခေါ်ဆောင်သွားကြောင်း ဖြစ်စဉ်အား သိရှိသည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ ပြီးခဲ့တဲ့ သုံးရက်လောက်က ဖြစ်သွားတာ၊ ဖမ်းခံရတဲ့ တစ်ယောက်က အသက် ၃၀လောက်ပဲရှိမယ်။ မူးလာရင် ရပ်ကွက်ထဲမှာ ခဏခဏ ဆဲဆိုတာတွေလုပ်နေတာ၊ အခုတစ်ခါတော့ စစ်တပ်က ဖမ်းသွားပြီး တစ်ခါထဲ တပ်ထဲခေါ်သွားတာ၊ မိသားစုတွေကတော့ စစ်ထဲမထည့်ချင်ဘူး။ အခုတော့ လိုက်ထုတ်တာတောင် မရတော့ဘူး “ ဟု ဖြစ်စဉ်ကို သိရှိသည့် အမျိုးသားက ရှင်းပြသည်။
သာယာ၀တီခရိုင်အတွင်းရှိ မြို့နယ်များ၌ စစ်မှုထမ်း အပတ်စဉ် တစ်ခုလျှင် လူ ၄၀ထက် မနည်း စုဆောင်းပေးရမည်ဖြစ်သော်လည်း သတ်မှတ်ချက်မပြည့်မီခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးမှုများလုပ်ဆောင်နေခြင်းဖြစ်သည်ဟု သာယာ၀တီမြို့နယ်အတွင်းရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။
“ ပေါ်တာဆွဲတာတွေ၊ အမှုမရှိ အမှုရှာပြီး စစ်ထဲထည့်တာတွေက မြို့တိုင်းလိုလိုမှာ လုပ်နေတာ၊ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်။ လူငယ်တွေလည်း အပြင်မထွက်ရဲတော့ဘူး။ ဘယ်သူမှ စစ်ထဲမလိုက်ချင်ကြဘူးလေ၊ လူကလည်း အပတ်စဉ်တိုင်း ပြည့်အောင်ပေးနေရတော့ မရရတဲ့လူ ဖမ်းခေါ်နေတာ၊ နောက်လတွေဆို ပိုမိုးမယ်။ နေအိမ်တွေပါ လိုက်ဖမ်းနိုင်တဲ့ အခြေအနေရှိတယ် ” ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသားက ဆိုသည်။
ယင်းအပြင် စီးပွားရေး အဆင်မပြေသည့် မိသားစုများမှ လူငယ်များကိုလည်း လစာနှင့် အကျိုးခံစားခွင့်များပေးမည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက စည်းရုံးမှုများလုပ်ဆောင်၍ စစ်သင်တန်းတက်ရောက်ရန် လုပ်ဆောင်မှုများရှိနေ ကြောင်း အုတ်ဖိုမြို့နယ်မှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ တစ်ပတ်လောက်က အမတို့ရွာနားကပဲ ကောင်လေးတစ်ယောက်ပါသွားတယ်။ ပိုက်ဆံသိန်း ၅၀ ပေးပြီးခေါ်သွားတယ်။ သူ့အိမ်ကလည်း စီးပွားရေးအဆင်မပြေဘူးလေ၊ အဲ့ဒါ စစ်တပ်ထဲဝင်ရင် လခလည်းရမယ်၊ ထောက်ပံကြေး သိန်း ၅၀လည်းရမယ်ပြောပြီးခေါ်သွားတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
လက်ရှိ သာယာ၀တီခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်မှုထမ်း အပတ်စဉ် ခြောက်အတွက် စတင်လူစုမှုများ ပြုလုပ်နေပြီး ပေါ်တာဆွဲခြင်းများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ ပေါ်တာဆွဲမှုများအပြင် စစ်မှုထမ်း လူငှားရန်အတွက်ဟုဆိုကာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်၊ ကျေးရွာများအလိုက် အပတ်စဉ် သိန်း ၅၀ ထက်မနည်း ပြည်သူများထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံအနှံ့ စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး စစ်သားသစ်များ စုဆောင်းနေသည့်အပြင် အသက် ၃၅နှစ်မှ အသက် ၆၀အတွင်းရှိ အမျိုးသားများအားလုံး မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ ကာကွယ်ရန် အတွက်ဟုဆိုကာ ပြည်သူ့စစ်ဖွဲ့စည်းရန် လုပ်ဆောင်မှုများလည်းရှိနေသည်။